ဒီနေ့ မတ်လ ၈ ရက်နေ့ဟာ နိုင်ငံတကာ အမျိုးသမီးများနေ့ ဖြစ်ပါတယ်။ အမျိုးသမီးများအခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုတွေကနေ ပေါ်ပေါက်လာခဲ့တဲ့ နေ့တစ်နေ့ပေါ့။
ကျွန်မရဲ့ ကြီးပြင်းခဲ့ရတဲ့ မိသားစု အသိုင်းအ၀ိုင်းနဲ့ ပတ်သက်ပြီး ကျွန်မကံကောင်းတယ် ပြောလို့ရတယ်။ ကျွန်မကို ကျွန်မရဲ့ မိဘတွေက မိန်းကလေးဖြစ်ရတာ ဂုဏ်ယူနိုင်အောင် ပြောပြခဲ့ကြတယ်။ ကျွန်မရဲ့ ဆွေမျိုးတွေမှာလည်း အောင်မြင်ပြီး ထက်မြက်တဲ့ အမျိုးသမီးတွေ တစ်ပုံကြီးဆိုတော့ သူတို့ကို အားကျ အတုယူပြီး ကျွန်မ ကြီးပြင်းလာခဲ့ရတယ်။
ဒါပေမယ့် ကျွန်မအသက်ကြီးလာတော့ ကျွန်မတို့ လူ့ဘောင်အသိုင်းအ၀ိုင်းက မိန်းကလေးတွေကို ယောင်္ကျားလေးတွေလောက် တန်းတူအခွင့်အရေး မပေးသေးတာကို တွေ့လာရတယ်။ မိန်းကလေး သေစာ၊ရှင်စာ ဖတ်တတ်တော်ပြီ။ အိမ်ထောင်ကျရင် အလုပ်မလုပ်နဲ့၊ အိမ်တွင်းမှုပဲ နိုင်ဖို့လိုတယ်ဆိုတာတွေက ကျွန်မတို့ မြန်မာနိုင်ငံများ တော်တော်များနေပါသေးတယ်။ တိုးတက်တဲ့ နိုင်ငံတွေမှာတော့ မိန်းကလေး စာတတ်မြောက်မှုနှုန်းတို့၊ လုပ်ငန်းခွင်ဝင်နှုန်းတို့က မြင့်လာပါပြီ။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ လိုသေးတယ်။ ဒါတွေက လူပြောများတဲ့ အဆိုတွေတာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ တရားဝင် သန်းခေါင်စာရင်းအရလည်း ဒီအချက်တွေက သိသာနေပါတယ်။
၁။ စာတတ်မြောက်မှုနှုန်း
မြန်မာပြည်မှာ ၂၀၁၄ သန်းခေါင်စာရင်းအရ စာတတ်မြောက်မှုနှုန်းက ၈၉.၅ % ရှိပါတယ်။ ဒါပေမယ့် ကျား၊ မခွဲလိုက်လို့ရှိရင်တော့ ကျားက ၉၂.၆ % ရှိပြီး မက ၈၆.၉ % ပဲရှိပါတယ်။ ကွာခြားချက်က ၅.၇ % ရှိပါတယ်။ စာတတ်မြောက်မှု ကွာခြားချက် ရာခိုင်နှုန်းက နည်းတယ်ထင်ရပေမယ့် ပြောင်းပြန် ပြန်စဉ်းစားကြည့်ရင် အမျိုးသမီး စာမတတ်တဲ့ရာခိုင်နှုန်းက အမျိုးသား စာမတတ်တဲ့ ရာခိုင်နှုန်းထက် ၂ ဆရှိတယ်။ အဲလို စဉ်းစားကြည့်ရင် သိပ်တော့ မနည်းတော့ဘူး။
ဒါကိုမှ မြို့ပြနဲ့ ကျေးလက်နဲ့ ခွဲလိုက်လို့ရှိရင် ကွာခြားချက်က ပိုသိသာသွားပါတယ်။ ကျေးလက်က အမျိုးသမီး စာတတ်မြောက်မှုက ၈၃.၈ % ရှိပြီး ကျေးလက်က အမျိုးသား စာတတ်မြောက်မှုက ၉၀.၇ % ရှိတယ်။ ကျေးလက်က အမျိုးသားတွေက တစ်နိုင်ငံလုံး ပျမ်းမျှထက်တောင် ပိုများနေပါသေးတယ်။ မြို့ပြက အမျိုးသမီးတွေ အမီလိုက်နိုင်ဖို့ ကြိုးစားရဦးမယ်။
၂။ ပညာအရည်အချင်း
ကျွန်မပြီးခဲ့တဲ့ Diploma Mill ပို့စ်မှာ မိန်းကလေး တက္ကသိုလ်ပြီးတဲ့သူတွေက ပိုများတယ်လို့ပြောခဲ့တယ်။
ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်မ မပြောခဲ့တာက ဘာလဲဆိုတော့ တက္ကသိုလ်ပြီးတဲ့လူတွေထဲမှာ မိန်းကလေးများပေမယ့် မူလတန်းပဲ အောင်တဲ့သူတွေထဲမှာလည်း မိန်းကလေးတွေပဲ ပိုများတယ်ဆိုတာပါပဲ။ ကျားမ အလိုက် ပညာအရည်အချင်း ဖြန့်ကျက်မှုက မိန်းကလေးတွေအတွက် ပစောက်ပုံ ဖြစ်နေတယ်လို့ ပြောလို့ရတယ်။ ပျမ်းမျှ အရည်အချင်းတွေ မရှိဘဲနဲ့ အစွန်း ၂ ပါး ဖြစ်နေတာပေါ့။ မတတ်တဲ့ သူက အရမ်း မတတ်ပြီး အရမ်းကြိုးစားတဲ့ အမျိုးသမီးတွေကလည်း ရှိနေတယ်။ တကယ်တမ်းက ဒီလို ဖြန့်ကျက်မှုက ၅၀% လောက်မှာပဲ ကျား၊မ ရေပြင်ညီမျဉ်း ဖြစ်နေသင့်တယ်။
၃။ လုပ်ငန်းခွင် ၀င်ရောက်မှု
မြန်မာအမျိုးသမီးတွေ အလုပ်နဲ့ ပတ်သက်လာရင် တန်းတူမဖြစ်သေးတာကတော့ အထင်အရှားကြီးပါပဲ။ အသက် ၁၀ နှစ်နဲ့ အထက် လူဦးရေမှာ လုပ်အားပါဝင်မှုက တစ်နိုင်ငံလုံးမှာ ၅၅ % ဖြစ်ပါတယ်။ ဒါပေမယ့် ကျား၊ မ ခွဲလိုက်လို့ရှိရင်တော့ အမျိုးသားက ၇၀ % ရှိနေပြီးတော့ အမျိုးသမီးက ၄၁ % ပဲ ရှိပါတယ်။
အထူးသဖြင့် ဘယ်နေရာတွေ အလုပ်လုပ်နေလဲဆိုတာ ကြည့်လိုက်ရင် အမျိုးသမီးတွေ ဘာတွေလုပ်နေလဲဆိုတာ အရမ်းသိသာသွားပါတယ်။ အဓိကကတော့ မြန်မာတွေအဆို အိနြေ္ဒရစေမယ့် အစိုးရအလုပ်ကို ဦးစားပေးကြတယ်။ ကုမ္ပဏီအလုပ်ဆိုရင်တောင် သိပ်မလုပ်ကြဘူး။ ကိုယ်ပိုင်စွန့်ဦးတီထွင် လုပ်ကိုင်တဲ့သူတွေထဲမှာ အမျိုးသမီး အရမ်းနည်းတယ်။ ဘယ်မှာ သွားများနေလဲဆိုတော့ ငွေကြေးမရဘဲ စောင့်ရှောက်မှုသာ ပေးထားတဲ့ မိသားစုအိမ်အကူလိုနေမျိုးတွေ၊ အဆိုးဆုံးကတော့ အိမ်ထောင်ရှင်မတွေလုပ်ပြီး အိမ်တွင်းမှုလုပ် သိမ်ထုပ်သေချာတွေပဲ လုပ်နေတာတွေပေါ့။
တစ်ခြားနိုင်ငံတွေမှာတော့ အမျိုးသမီးအခွင့်အရေးဆိုတာ တန်းတူစာတတ်မြောက်ရုံတင်မဟုတ်ဘဲ ပညာအရည်အချင်း မြင့်မားမှုတွေမှာပါ တန်းတူညီဖို့၊ အလုပ်ခွင်မှာဆိုရင်လည်း အလုပ်လုပ်ရုံတင်မဟုတ်ဘဲ ရာထူးမြင့်မြင့်နေရာတွေမှာပါ တန်းတူလုပ်လာနိုင်ဖို့ကို ဦးစားပေး လှုံ့ဆော်ကြတယ်။ ဒီမှာတော့ အမျိုးသမီးတွေကို အနည်းဆုံး အထက်တန်းအောင်အောင်၊ အိမ်ထဲက အိမ်ပြင်ထွက်ပြီး အလုပ်လုပ်ချင်လာအောင်ကို အရင်လှုံ့ဆော်ရဦးမယ်။ တစ်နေ့တော့ ဖြစ်လာမှာပါ။
ဟင်လာရီကလင်တန်ပြောရသလို ပြောရမယ်ဆိုရင်တော့ အမျိုးသမီးများနဲ့ မိန်းကလေးငယ်များအတွက် အခွင့်အရေးဟာ ၂၁ ရာစုနှစ်ရဲ့ မပြီးမြောက်သေးတဲ့ အလုပ်တစ်ခုပဲ။
"I believe that the rights of women and girls is the unfinished business of the 21st century." —Hillary Clinton