Tuesday, March 1, 2016

Diploma Mill



အခု ရက်ပိုင်း ကျွန်မ အလုပ်နဲ့ဆိုင်တဲ့ စိုက်ပျိုးရေးဆိုင်ရာဒေတာ အပြင် ပညာရေးဆိုင်ရာ ဒေတာတွေကို နည်းနည်းစိတ်ဝင်စားဖြစ်နေတယ်။ ကျွန်မသူငယ်ချင်းတွေမှာက ပညာရေးဆိုင်ရာမှာ လုပ်နေတဲ့သူတွေ များတော့ သူတို့နဲ့ စနေ၊ တနင်္ဂနွေ တွေ့ဖြစ်ရင် ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုတွေပဲ ပြောဖြစ်နေတယ်။ ကိုယ်ကလည်း သိတဲ့အတိုင်းပဲ။ နံပါတ်မပါရင် စကားမပြောတတ်တဲ့သူဆိုတော့ အရင်ဆုံးတော့ သန်းခေါင်စာရင်းကို မွှေကြည့်မှ ဖြစ်မယ်ဆိုပြီး ဒီသုတေသနလေးကို လုပ်ဖြစ်သွားတာပဲ။

မြန်မာပြည်မှာ လူသိများတဲ့ အဆိုလေးတစ်ခု ရှိတယ်လေ။ တက္ကသိုလ်ဘွဲ့ရတွေ ပုံအော်နေတာပဲ။ လူတိုင်းဘွဲ့ရကြတယ်။ တက္ကသိုလ်ပညာရေးက အနှစ်မရှိတော့ဘူး၊ အကာချည်းပဲ။ ဘွဲ့ရပညာတတ်လည်း ဆိုက်ကားနင်းနေရတယ်.. ဆိုတာတွေပေါ့။

 ကျွန်မကတော့ အနှစ်တွေ အကာတွေ သိပ်လည်း နားမလည်တဲ့အတွက် သိပ် မပြောချင်ဘူး။ ကျွန်မလည်း ပညာရေးဆိုင်ရာ ပညာရှင်မှ မဟုတ်တာ။  ကျွန်မသိချင်တာကတော့ ရှင်းရှင်းလေးပါ။ ပုံအော်နေလို့ပြောတဲ့ မြန်မာနိုင်ငံက တက္ကသိုလ်ဘွဲ့ရတွေ ဘယ်နှစ်ယောက်ရှိလဲ။ မြန်မာနိုင်ငံမှာ လက်ရှိနေနေတဲ့သူတွေထဲမှာ ဘယ်လောက် ရာခိုင်နှုန်းက တက္ကသိုလ်ဘွဲ့ရတွေလဲ။ သူတို့တွေ ဘယ်မှာရှိနေလဲ ဆိုတာပေါ့။ 
 
အရင်ဆုံးကတော့ သန်းခေါင်စာရင်းက ဇယား ဃ တွေကို လျှောက်ကြည့်ရတာပေါ့။ နည်းနည်းပါးပါးတော့ မှားနိုင်တာလေးတွေတော့လည်း တွေ့ပါတယ်။ ဥပမာ အထက်တန်းကို အသက် ၁၃ နှစ်နဲ့ ပြီးနေတာတို့၊ တက္ကသိုလ်ကို အသက် ၁၅ နှစ်၊ ၁၆ နှစ်နဲ့ ပြီးနေတာတို့ပေါ့။ ဒါပေမယ့် ထားလိုက်ပါ။ တကယ်လည်း ရှိရင် ရှိနိုင်တယ်လေ။ မြန်မာတွေက သိတဲ့ အတိုင်းပဲ။ အသက်လိမ်ပြီး ကျောင်းထားတာကလည်း ၀ါသနာပါတယ်။ ကျွန်မစိတ်ဝင်စားတာက သန်းခေါင်စာရင်းက ဇယား ဃ-၅က နဲ့ ဃ-၆က။ အထူးသဖြင့် ဃ-၆က မှာ အသက် ၂၅ နှစ်အထက် လူဦးရေရဲ့ ပညာအရည်အချင်းတွေကို တိုင်းနဲ့ပြည်နယ်အလိုက်၊ မြို့နယ်အလိုက် ပြထားပါတယ်။ အရင်ဆုံးတော့ ကျွန်မ ဇယားကွက်တွေကို လိုချင်တဲ့ ပုံစံ၊ တွက်လို့ရတဲ့ ပုံစံ ပြန်လုပ်ရတာပေါ့။ 

အသက် ၂၅ နှစ်အထက် လူဦးရေ စုစုပေါင်းက ၂၇ သန်း နီးပါးရှိတယ်။ တက္ကသိုလ် တစ်ခုခုကနေ အနည်းဆုံး ဘွဲ့တစ်ခု ရရှိထားတဲ့ လူဦးရေက ၂၃ သိန်း ရှိတယ်။ ဒီတော့ ပညာတတ်သင့်တဲ့ လူဦးရေရဲ့ ၉ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ထားပါတော့။ ဒါနဲ့ ကျွန်မက ဘွဲ့မရရင်နေ အထက်တန်းအောင်ရော ဘယ်လောက်ရာခိုင်နှုန်း ရှိလည်း ကြည့်လိုက်တော့ စိတ်ညစ်သွားတယ်။ အသက် ၂၅ နှစ်အထက် လူဦးရေရဲ့ ၁၉ ရာခိုင်နှုန်းပဲ ရှိတယ်။ 

ဆိုးတော့ မဆိုးပါဘူး။ တစ်နည်းကြည့်ရမယ်ဆိုရင်တော့ အထက်တန်းအောင်ရဲ့ ထက်ဝက်က တက္ကသိုလ်တက်ဖြစ်တယ်လို့လဲ ပြောလို့တော့ရတယ်။ ဒါမှမဟုတ် တက္ကသိုလ်ဘွဲ့ရ နည်းရခြင်းက အထက်တန်းအောင်လည်း နည်းလို့ လို့လဲ ပြောလို့ရတယ်။ 

အမေရိကန်မှာဆိုရင် လူတော်တော်များများက အထက်တန်းကျောင်းပြီးရင် တက္ကသိုလ် ဆက်မတက်ဖြစ်ဘူးဆိုပြီး နာမည်ကြီးပါတယ်။ ဒါပေမယ့် အမေရိကန်မှာ အသက် ၂၅ နှစ်နဲ့ အထက် လူဦးရေရဲ့ ၃၂ ရာခိုင်နှုန်းက ဘွဲ့တစ်ခုခု ရထားပါတယ်။ အထက်တန်းအောင်ထားတာက အသက် ၂၅ နှစ်အထက် လူဦးရေရဲ့ ၈၈ ရာခိုင်နှုန်းရှိတယ်။ စင်ကာပူမှဆိုရင် တက္ကသိုလ်ဘွဲ့ရက အသက် ၂၅ နှစ်အထက် လူဦးရေရဲ့ ၂၈ ရာခိုင်နှုန်းရှိပြီး အထက်တန်းအောင်က ၇၀% ရှိတယ်။

တွေ့လား။ မြန်မာတွေက ပိုကြိုးစားတယ်။ သူတို့ဆီမှာ အထက်တန်းအောင် ၃ ယောက်မှာ ၁ ယောက်ပဲ ဘွဲ့ရတယ်။ မြန်မာတွေက အထက်တန်းအောင် ၂ ယောက်မှာ ၁ ယောက် ဘွဲ့ရတယ်။ (ရွဲ့နေမှန်း မသိဘဲ အဟုတ်ထင်နေမှာ ဆိုးလို့ ကွင်းထဲ ပြန်ထည့်ရေးထားတာ။) သူတို့ဆီမှာက ဘွဲ့မရပေမယ့် အသက်မွေးဝမ်းကျောင်း သင်တန်းတွေ၊  ဒီပလိုမာ သင်တန်းတွေ တက်ကြတယ်။ မြန်မာပြည်မှာ အသက်မွေးဝမ်းကျောင်းသင်တန်းဆင်းတို့၊ ဒီပလိုမာသင်တန်းဆင်းက ၁ ရာခိုင်နှုန်းပဲ ရှိတယ်။ 

ကဲ ကဲ သူများ နိုင်ငံ အကြောင်း မပြောဘူး။ ကိုယ့်နိုင်ငံအကြောင်း အသေးစိတ်ပဲ ကိုယ်ပြန်ကြည့်တော့မယ်။

၁။ အသက်နဲ့ ဘွဲ့
အသက် ၂၅ နှစ်နဲ့ အထက် လူဦးရေ အားလုံးကို ချုံကြည့်ရင်တော့ ၉ ရာခိုင်နှုန်းဆိုပေမယ့် အသက်အပိုင်းအခြားအလိုက် ပြန်ကြည့်ရင် ငယ်တဲ့သူတွေထဲမှာ တက္ကသိုလ်ဘွဲ့ရ ပိုများပါတယ်။ ဘာကြောင့်လဲကတော့ ကျွန်မ မပြောနိုင်။ အများဆိုသလို အနှစ်မရှိတော့တဲ့ အတွက် ဘွဲ့ရဖို့ ပိုလွယ်လာလို့လား။ ဒါမှမဟုတ် လူတွေကိုက ပညာရေးကို ပိုပြီး အလေးပေးလာတဲ့အတွက် မိဘတွေ ကိုယ်တိုင်က သားသမီးတွေကို တက္ကသိုလ်ပြီးတဲ့အထိ ကျောင်းထားဖြစ်သွားတာလား။ တက္ကသိုလ်တွေ၊ ကောလိပ်တွေ များလားတဲ့အတွက် သွားတက်ရတာ လွယ်ကူလာလို့လား။ အားလုံးဖြစ်နိုင်ပါတယ်။


၂။ တိုင်း၊ ပြည်နယ်ဒေသကြီးနဲ့ ဘွဲ့
ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်ကတော့ ထင်တဲ့အတိုင်းပဲ ဘွဲ့ရတွေ အများဆုံးပေါ့။ ကျွန်မ အံ့သြရတာက ပြည်နယ်များဖြစ်တဲ့ ကချင်၊ ကယားနဲ့ မွန်က နံပါတ် ၄၊ ၅ နဲ့ ၆ နေရာမှာ ယူနေကြတာကိုပဲ။ ကျွန်မထင်ထားက မြေပြန့်ဒေသက ဧရာဝတီ၊ စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတို့က ထိပ်ပိုင်းမှာ ရှိနေမယ်လို့ ထင်ထားတာ။ ဧရာဝတီဆိုရင် နောက်ဆုံးနေရင် ၄ ချိတ်တော့ ကျွန်မတော်တော် အံ့သြသွားတယ်။


၃။ မြို့နယ်နဲ့ ဘွဲ့
တိုင်းနဲ့ ပြည်နယ်အရ သိပေမယ့် မြို့နယ် တစ်ခုချင်းစီအလိုက်လည်း သိချင်တာကိုး။ အထူးသဖြင့် ဘွဲ့ရရာခိုင်နှုန်း အများဆုံးနဲ့ အနည်းဆုံး မြို့နယ်တွေက ဘာတွေလဲ။ ဘယ်နှစ်မြို့နယ်လောက်က ဘယ်လောက်ရာခိုင်နှုန်းလည်း သိချင်တယ်လေ။ သန်းခေါင်စာရင်းအရ ရှိတဲ့ မြို့နယ် ၄၁၃ မြို့နယ်မှာ ၃၄၈ မြို့နယ်ကတော့ မြို့နယ်တွင်း ဘွဲ့ရရာခိုင်နှုန်း ၁၀% အောက်တွေပဲ ရှိတယ်။ ရှိသမျှ မြို့နယ်ရဲ့ ၈၄% ပေါ့။ နည်းနည်းတော့ ကြောက်စရာကောင်းတယ်နော်။ ဘွဲ့ရရာခိုင်နှုန်းနည်းတဲ့ မြို့နယ်ပေါင်းက တော်တော်များနေလို့။ ၁၀% အထိကတော့ Normal Distribution လိုက်တယ်လို့တောင် ပြောလို့ရတယ်။ ကြိမ်များကိန်း (Mode) ဖြစ်နေတဲ့ မြို့နယ်တွင်းဘွဲ့ရရာခိုင်နှုန်းကတော့ အလယ်တည့်တည့် ၅% ပါ။ ၅% ရှိတဲ့ မြို့နယ်ပေါင်းက ၇၃ မြို့နယ် ရှိပါတယ်။



မြို့နယ်တွင်း ဘွဲ့ရရာခိုင်နှုန်း ၁၀% ထက်ကျော်တာက ၆၅ မြို့နယ် ရှိတယ်။ အဲဒီထဲက ထက်ဝက်ပေါ့။ ၃၃ မြို့နယ်က ရန်ကုန်တိုင်းကချည်းပဲ။ တစ်နိုင်ငံလုံး ပညာတတ်တွေက ရန်ကုန်မှာပဲ လာစုနေတာ မကောင်းပါဘူး။ တိုင်းပြည် ၁ ခုမှာ ပညာတတ်တွေက တစ်နိုင်ငံလုံး ဖြန့်ကျက်ရှိနေရမှာလေ။ 

မြို့နယ်အလိုက် Education Heat Map ကိုလည်း နောက်အားမှ ဆွဲပြီး တင်ပေးထားမယ်။

၎။ ကျားမနဲ့ ဘွဲ့
ကြုံတုန်းလေး မိန်းကလေးတွေ တော်ကြောင်း ကြွားလိုက်ဦးမယ်။ ဘွဲ့ရဦးရေရဲ့ ၅၆% က မိန်းမတွေ။ ဟဲဟဲ။ (ဘာလဲ။ မိန်းမဦးရေက ပိုများနေလို့ ဘွဲ့ရဦးရေ ပိုများနေတယ်လို့ ပြောဦးမလို့လား။ ဘာစဉ်းစားနေလဲ ဒီက သိတယ်နော်။) အဲဒါကြောင့်မို့ ကျားဦးရေ၊ မဦးရေအလိုက် ရာနှုန်းပြန်ကြည့်ထားတယ်။ ကျားဦးရေရဲ့ ၈.၂% က ဘွဲ့ရ၊ မဦးရေရဲ့ ၉.၁% က ဘွဲ့ရ။ ရှငိးတယ်နော်။ ငှဲငှဲငှဲ။ နောက်တာပါကွယ်။ ဒီလောက်လူဦးရေနဲ့ဆိုရင် ၈.၂% နဲ့ ၉.၁% ကို ကွာလွန်းတယ် ပြောလို့မရပါဘူး။ အတူတူပါပဲ။

ကောက်ချက်ဆွဲရရင်တော့ များနေတဲ့ဆိုတဲ့ ဘွဲ့ရ လူဦးရေက ထင်သလောက် မများဘူး။ အနှစ်မပြောနဲ့ အကာတောင် အများပြောနေသလောက်မရှိသေးဘူး။ ရာခိုင်နှုန်းအများဆုံးဖြစ်တဲ့ ရန်ကုန်တောင် သူများ တစ်နိုင်ငံလုံးစာ မမီသေးဘူး။ ရှင်းရှင်းပြောရရင်တော့ မြန်မာတွေ ကြိုးစားဖို့လိုသေးတယ်။ ကျောင်းသားတွေကိုသာ အပြစ်ပုံချလို့ မရသေးဘူး။ ကောလိပ်၊ တက္ကသိုလ်တွေ၊ ဆရာတွေ အများကြီး ပိုရှိဖို့ လိုသေးတယ်။ နောင်တစ်ခေါက် သန်းခေါင်စာရင်းကောက်လို့ရှိရင်တော့ ဒီနံပါတ်တွေ တိုးလာပါစေလို့ ဆုတောင်းလျက်...။

No comments:

Post a Comment