ကျွန်မက လှိုင်သာယာမှာ
နေတဲ့ အိမ်ပွဲစားတစ်ယောက်လို့ ဆိုကြပါတော့။ ကျွန်မ လှိုင်သာယာမှာ ရှိနေတဲ့ အိမ်ရာတွေက တိုက်ခန်းတွေ ထွက်ဖို့အတွက်
လှိုင်သာယာ ကောင်းကြောင်းပြောမှာပေါ့။ အဲဒီထဲမှာ လှိုင်သာယာမှာ ဂေါက်ကွင်းတွေရှိတယ်။
ပန်းလှိုင်ဆေးရုံရှိတယ်။ .. စသည်တို့ ပါမှာပေါ့လေ။ ကျွန်မရဲ့ ဖောက်သည်က ဘဝင်က ခပ်မြင့်မြင့်နဲ့ရယ်။
သူက လှိုင်သာယာလို ဆင်းရဲသားရပ်ကွက်မှာ မနေဘူးတဲ့။ ဒီတော့ ကျွန်မ လှိုင်သာယာမှာ နေတဲ့သူတွေက
သူပြောသလို မဆင်းရဲကြောင်း အထောက်အထားနဲ့ သက်သေပြရမယ်။
ဒါနဲ့ ကျွန်မလည်း လှိုင်သာယာမှာနေတဲ့သူတွေရဲ့ ဝင်ငွေကို စစ်တမ်းလိုက်ကောက်လိုက်ပြီး
ကျွန်မရဲ့ တွေ့ရှိချက်ကို ကျွန်မရဲ့ ဖောက်သည်ကို ပြောလိုက်တယ်။
“
လှိုင်သာယာမှာ နေတဲ့သူတွေရဲ့ ပျမ်းမျှဝင်ငွေက ၁၅ သိန်းလောက်ရှိပါတယ်။ ရှင်ပြောသလို
လှိုင်သာယာက ဆင်းရဲသားရပ်ကွက် မဟုတ်ပါဘူး။ ”
ဒါနဲ့ ကျွန်မရဲ့
ဖောက်သည်လည်း ကျေနပ်သွားပြီး ကျွန်မဆီက တိုက်ခန်းဝယ်လိုက်တယ်။
************************************************************************************************************************
ဒီလိုနဲ့
နောက်တစ်နှစ်လည်း ကြာရော မြို့နယ် ကော်မရှင်တွေဖွဲ့၊ ပြီးတော့ လှိုင်သာယာကနေ ဘတ်စ်ကားတွေ
ပိုဆွဲသင့် မဆွဲသင့် ဆွေးနွေးကြတယ်။ ကျွန်မကလည်း ပါလေရာ ငါးပိချက်ဆိုတော့ ကော်မရှင်အဖွဲ့ဝင်လည်း
ဝင်လုပ်လိုက်တာပေါ့။ ဆွေးနွေးကြတော့ ကျွန်မလည်း မနှစ်က လုပ်ခဲ့တဲ့ စစ်တမ်းက ရလဒ်တွေကို
ထည့်သုံးလိုက်တယ်။
“ လှိုင်သာယာမှာ နေတဲ့သူတွေရဲ့ ပျမ်းမျှဝင်ငွေက
၁ သိန်းခွဲ လောက်ပဲရှိပါတယ်။ သူတို့ရဲ့ ဝင်ငွေက နည်းပါးတဲ့အတွက် သူတို့ဟာ သူဌေးတွေလို
တက္ကဆီတွေ ဘာတွေ မတတ်နိုင်တဲ့အတွက် ဘတ်စ်ကားကိုပဲ အားကိုးရပါတယ်။ အဲဒါမို့လို့ လှိုင်သာယာမှာ
ဘတ်စ်ကား ပိုရှိသင့်ပါတယ်။ ”
ဖြစ်ချင်တော့
ကျွန်မရဲ့ မနှစ်က ဖောက်သည်ကလည်း ကော်မရှင်ထဲမှာ ပါတယ်။ သူက ဒေါကန်တာပေါ့။ “ ခင်ဗျား
မနှစ်က ပြောတော့ လှိုင်သာယာမှာ နေတဲ့သူတွေရဲ့ ပျမ်းမျှဝင်ငွေက ၁၅ သိန်းဆို။ အခုတော့
၁ သိန်းခွဲတဲ့။ ခင်ဗျားလိမ်တာပေါ့။ တရားစွဲမယ်။ ” ဘာညာ ဘာညာ ပေါ့။
************************************************************************************************************************
တကယ်တော့
ကျွန်မက မနှစ်ကလည်း မလိမ်ခဲ့ဘူး။ ဒီနှစ်လည်း မလိမ်ဘူး။ ဒါဟာ Statistics ကို အပြည့်အဝ
သုံးပြီး ကိုယ်လိုချင်တဲ့အချက်ရအောင် လှလှပပလေး လှည့်ခဲ့တာပါ။ ဒီတော့ ကျွန်မဖောက်သည်က
ကျွန်မကို တရားစွဲချင်လည်း အလကားပဲ။
စာရင်းအင်းပညာမှာ ပျမ်းမျှဆိုတာက “စုစုပေါင်းကိုတည် အရေအတွက်နဲ့စား” ဆိုတာ တစ်ခုတည်း ရှိတာမှ မဟုတ်တာ။
“စုစုပေါင်းကိုတည် အရေအတွက်နဲ့စား” တာကတော့ Arithmetic Mean ပေါ့။ စာရင်းအင်းပညာမှာ Arithmetic
Mean အပြင် နောက်ထပ် ပျမ်းမျှတွေ တစ်ပုံကြီးရှိသေးတယ်။ Median တို့ Mode တို့
Geometric Mean တို့ Harmonic Mean တို့။ ဒီလောက်ဆိုရင် သဘောပေါက်ပြီး ထင်ပါတယ်။ ထပ်ပြောရင်
ပိုရှုပ်သွားမယ်။
လှိုင်သာယာမှာက
ဝင်ငွေရဲ့ ဖြန့်ကျက်မှုက ပုံမှန်လို ခေါင်းလောင်းပုံလေး မဟုတ်ဘူး။ ခေါင်းလောင်းပုံ ဖြန့်ကျက်မှုရှိတယ်ဆိုရင်
ဝင်ငွေနည်းတဲ့သူက လူနည်းနည်း၊ ဝင်ငွေများတဲ့သူက လူနည်းနည်း၊ ကြားထဲက အလယ်အလတ်တွေက ခပ်များများဖြစ်နေမှာ။
အခုက ဝင်ငွေနည်းတဲ့သူက ခပ်များများ၊ ဝင်ငွေများတဲ့သူက ခပ်နည်းနည်းဖြစ်နေတာ။
ဒီလှိုင်သာယာ
ဥပမာမှာဆိုရင် ပျမ်းမျှဆိုတဲ့ နေရာမှာ Arithmetic Mean သုံးခဲ့ရင် ပျမ်းမျှဝင်ငွေက
ပိုများနေပါလိမ့်မယ်။ ပျမ်းမျှ ဝင်ငွေက Median ဆိုရင်တော့ ဖြန့်ကျက်မှုရဲ့ အလယ်တည့်တည့်မှာ
ဖြစ်တဲ့အတွက် Arithmetic Mean ထက် ပိုနည်းနေပါလိမ့်မယ်။ Mode ကို ယူခဲ့မိရင်တော့ အများစုရတဲ့
ဝင်ငွေဖြစ်တဲ့အတွက် အနည်းဆုံးဖြစ်နေပါလိမ့်မယ်။
ဒီတော့ ကျွန်မ
အိမ်ပွဲစားလုပ်ခဲ့တုန်းက ပျမ်းမျှဝင်ငွေကို များစေချင်တဲ့အတွက် Arithmetic Mean သုံးခဲ့တာပေါ့။
ကော်မရှင်မှာကျတော့ ပျမ်းမျှဝင်ငွေနည်းမှ ဘတ်စ်ကားချပေးမှာဖြစ်တဲ့အတွက် Median ဒါမှမဟုတ် Mode ကို သုံးခဲ့လိုက်ပါတယ်။
************************************************************************************************************************
လှိုင်သာယာဥပမာကနေ
အဓိကပြောချင်တာကတော့ သတင်းစာတို့၊ မီဒီယာတို့မှာ ပျမ်းမျှ နံပါတ်တစ်ခုခု တွေ့လို့ရှိရင်
သိပ်မယုံဖို့ပါပဲ။ ပျမ်းမျှချေဆိုတာ ကျွန်မတို့ စာရင်းအင်းသမားတွေက လက်တစ်လုံးခြားနဲ့
လိမ်ထားတဲ့ နံပါတ်တစ်ခုဖြစ်နေလို့ပါ။ ပျမ်းမျှချေ နံပါတ်တစ်ခုတွေ့လို့ရှိရင် အခြေအနေနဲ့
ဆက်စပ်တွေးတောဖို့ လိုပါတယ်။
No comments:
Post a Comment