Saturday, August 31, 2013

When you see an average



ကျွန်မက လှိုင်သာယာမှာ နေတဲ့ အိမ်ပွဲစားတစ်ယောက်လို့ ဆိုကြပါတော့။ ကျွန်မ လှိုင်သာယာမှာ  ရှိနေတဲ့ အိမ်ရာတွေက တိုက်ခန်းတွေ ထွက်ဖို့အတွက် လှိုင်သာယာ ကောင်းကြောင်းပြောမှာပေါ့။ အဲဒီထဲမှာ လှိုင်သာယာမှာ ဂေါက်ကွင်းတွေရှိတယ်။ ပန်းလှိုင်ဆေးရုံရှိတယ်။ .. စသည်တို့ ပါမှာပေါ့လေ။ ကျွန်မရဲ့ ဖောက်သည်က ဘဝင်က ခပ်မြင့်မြင့်နဲ့ရယ်။ သူက လှိုင်သာယာလို ဆင်းရဲသားရပ်ကွက်မှာ မနေဘူးတဲ့။ ဒီတော့ ကျွန်မ လှိုင်သာယာမှာ နေတဲ့သူတွေက သူပြောသလို မဆင်းရဲကြောင်း  အထောက်အထားနဲ့ သက်သေပြရမယ်။ ဒါနဲ့ ကျွန်မလည်း လှိုင်သာယာမှာနေတဲ့သူတွေရဲ့ ဝင်ငွေကို စစ်တမ်းလိုက်ကောက်လိုက်ပြီး ကျွန်မရဲ့ တွေ့ရှိချက်ကို ကျွန်မရဲ့ ဖောက်သည်ကို ပြောလိုက်တယ်။
 
လှိုင်သာယာမှာ နေတဲ့သူတွေရဲ့ ပျမ်းမျှဝင်ငွေက ၁၅ သိန်းလောက်ရှိပါတယ်။ ရှင်ပြောသလို လှိုင်သာယာက ဆင်းရဲသားရပ်ကွက် မဟုတ်ပါဘူး။


  
ဒါနဲ့ ကျွန်မရဲ့ ဖောက်သည်လည်း ကျေနပ်သွားပြီး ကျွန်မဆီက တိုက်ခန်းဝယ်လိုက်တယ်။
  

************************************************************************************************************************


  ဒီလိုနဲ့ နောက်တစ်နှစ်လည်း ကြာရော မြို့နယ် ကော်မရှင်တွေဖွဲ့၊ ပြီးတော့ လှိုင်သာယာကနေ ဘတ်စ်ကားတွေ ပိုဆွဲသင့် မဆွဲသင့် ဆွေးနွေးကြတယ်။ ကျွန်မကလည်း ပါလေရာ ငါးပိချက်ဆိုတော့ ကော်မရှင်အဖွဲ့ဝင်လည်း ဝင်လုပ်လိုက်တာပေါ့။ ဆွေးနွေးကြတော့ ကျွန်မလည်း မနှစ်က လုပ်ခဲ့တဲ့ စစ်တမ်းက ရလဒ်တွေကို ထည့်သုံးလိုက်တယ်။

လှိုင်သာယာမှာ နေတဲ့သူတွေရဲ့ ပျမ်းမျှဝင်ငွေက ၁ သိန်းခွဲ လောက်ပဲရှိပါတယ်။ သူတို့ရဲ့ ဝင်ငွေက နည်းပါးတဲ့အတွက် သူတို့ဟာ သူဌေးတွေလို တက္ကဆီတွေ ဘာတွေ မတတ်နိုင်တဲ့အတွက် ဘတ်စ်ကားကိုပဲ အားကိုးရပါတယ်။ အဲဒါမို့လို့ လှိုင်သာယာမှာ ဘတ်စ်ကား ပိုရှိသင့်ပါတယ်။

ဖြစ်ချင်တော့ ကျွန်မရဲ့ မနှစ်က ဖောက်သည်ကလည်း ကော်မရှင်ထဲမှာ ပါတယ်။ သူက ဒေါကန်တာပေါ့။ ခင်ဗျား မနှစ်က ပြောတော့ လှိုင်သာယာမှာ နေတဲ့သူတွေရဲ့ ပျမ်းမျှဝင်ငွေက ၁၅ သိန်းဆို။ အခုတော့ ၁ သိန်းခွဲတဲ့။ ခင်ဗျားလိမ်တာပေါ့။ တရားစွဲမယ်။ဘာညာ ဘာညာ ပေါ့။

************************************************************************************************************************

 တကယ်တော့ ကျွန်မက မနှစ်ကလည်း မလိမ်ခဲ့ဘူး။ ဒီနှစ်လည်း မလိမ်ဘူး။ ဒါဟာ Statistics ကို အပြည့်အဝ သုံးပြီး ကိုယ်လိုချင်တဲ့အချက်ရအောင် လှလှပပလေး လှည့်ခဲ့တာပါ။ ဒီတော့ ကျွန်မဖောက်သည်က ကျွန်မကို တရားစွဲချင်လည်း အလကားပဲ။

စာရင်းအင်းပညာမှာ ပျမ်းမျှဆိုတာက “စုစုပေါင်းကိုတည် အရေအတွက်နဲ့စား” ဆိုတာ တစ်ခုတည်း ရှိတာမှ မဟုတ်တာ။ “စုစုပေါင်းကိုတည် အရေအတွက်နဲ့စား” တာကတော့ Arithmetic Mean ပေါ့။ စာရင်းအင်းပညာမှာ Arithmetic Mean အပြင် နောက်ထပ် ပျမ်းမျှတွေ တစ်ပုံကြီးရှိသေးတယ်။ Median တို့ Mode တို့ Geometric Mean တို့ Harmonic Mean တို့။ ဒီလောက်ဆိုရင် သဘောပေါက်ပြီး ထင်ပါတယ်။ ထပ်ပြောရင် ပိုရှုပ်သွားမယ်။

လှိုင်သာယာမှာက ဝင်ငွေရဲ့ ဖြန့်ကျက်မှုက ပုံမှန်လို ခေါင်းလောင်းပုံလေး မဟုတ်ဘူး။ ခေါင်းလောင်းပုံ ဖြန့်ကျက်မှုရှိတယ်ဆိုရင် ဝင်ငွေနည်းတဲ့သူက လူနည်းနည်း၊ ဝင်ငွေများတဲ့သူက လူနည်းနည်း၊ ကြားထဲက အလယ်အလတ်တွေက ခပ်များများဖြစ်နေမှာ။ အခုက ဝင်ငွေနည်းတဲ့သူက ခပ်များများ၊ ဝင်ငွေများတဲ့သူက ခပ်နည်းနည်းဖြစ်နေတာ။

ဒီလှိုင်သာယာ ဥပမာမှာဆိုရင် ပျမ်းမျှဆိုတဲ့ နေရာမှာ Arithmetic Mean သုံးခဲ့ရင် ပျမ်းမျှဝင်ငွေက ပိုများနေပါလိမ့်မယ်။ ပျမ်းမျှ ဝင်ငွေက Median ဆိုရင်တော့ ဖြန့်ကျက်မှုရဲ့ အလယ်တည့်တည့်မှာ ဖြစ်တဲ့အတွက် Arithmetic Mean ထက် ပိုနည်းနေပါလိမ့်မယ်။ Mode ကို ယူခဲ့မိရင်တော့ အများစုရတဲ့ ဝင်ငွေဖြစ်တဲ့အတွက် အနည်းဆုံးဖြစ်နေပါလိမ့်မယ်။

ဒီတော့ ကျွန်မ အိမ်ပွဲစားလုပ်ခဲ့တုန်းက ပျမ်းမျှဝင်ငွေကို များစေချင်တဲ့အတွက် Arithmetic Mean သုံးခဲ့တာပေါ့။ ကော်မရှင်မှာကျတော့ ပျမ်းမျှဝင်ငွေနည်းမှ ဘတ်စ်ကားချပေးမှာဖြစ်တဲ့အတွက် Median ဒါမှမဟုတ် Mode ကို သုံးခဲ့လိုက်ပါတယ်။

************************************************************************************************************************

 လှိုင်သာယာဥပမာကနေ အဓိကပြောချင်တာကတော့ သတင်းစာတို့၊ မီဒီယာတို့မှာ ပျမ်းမျှ နံပါတ်တစ်ခုခု တွေ့လို့ရှိရင် သိပ်မယုံဖို့ပါပဲ။ ပျမ်းမျှချေဆိုတာ ကျွန်မတို့ စာရင်းအင်းသမားတွေက လက်တစ်လုံးခြားနဲ့ လိမ်ထားတဲ့ နံပါတ်တစ်ခုဖြစ်နေလို့ပါ။ ပျမ်းမျှချေ နံပါတ်တစ်ခုတွေ့လို့ရှိရင် အခြေအနေနဲ့ ဆက်စပ်တွေးတောဖို့ လိုပါတယ်။


ကိုးကား ။      ။ Darrell Huff ရဲ့ How to lie with Statistics

Excel Logic IF



Excel Logic “IF” ဆိုတာ အကယ်၍  ဒါမှမဟုတ် “--ဆိုရင ဆိုတဲ့ စာကြောင်းလေး တစ်ကြောင်းပဲ ဖြစ်ပါတယ်။ သီချင်းတောင် ရှိပါသေးတယ်။ သူနဲ့သာ ဆိုရင် ---- ဘယ်လိုပင် ဝေးပါစေ ---- လိုက်မှာပဲ အမြဲတွဲယှဉ် ----” အဲဒါ သူနဲ့မို့လို့သာ လိုက်တာပေါ့။ သူမဟုတ်ရင် ဘယ်လိုက်မလဲ။


အဲဒီလိုပါပဲ။ Excel Logic “IF” ဆိုတာ ကိုယ်က Excel ကို အကယ်၍ ဘာအခြေအနေ ဆိုရင် ဘာလုပ်လိုက်ပါ ဆိုပြီး ခိုင်းလိုက်တာပါ။ အဲဒီအတွက် မိမိရဲ့ Excel Data မှာ ဘာအခြေအနေ (Conditions) တွေ ရှိနေလဲဆိုတာ သိနေဖို့လိုပါတယ်။ အဲ ပြီးတော့ Excel ရဲ့ဘာသာစကား ပြောတတ်ဖို့လဲ လိုတာပေါ့။



အင်္ဂလိပ်စာမှာရော Excel မှာရော “အကယ်၍” ဆိုကာ ရေးချင်ရင် IF နဲ့ စာကြောင်းကို စရေးရပါတယ်။ IF နောက်ကမှ ကိုယ်ပြောချင်တဲ့ အခြေအနေတွေကို ဆက်ပြောရပါတယ်။  အခြေအနေတွေကို IF နောက်က လက်သည်းကွင်းထဲမှာ  IF()  လို့ ထည့်ပြီး ရေးရပါမယ်။ လက်သည်းကွင်းထဲမှာ Comma လေးတွေနဲ့ ခြားထားတဲ့ အပိုင်း ၃ ပိုင်း ရှိတယ်။ ဒီလိုလေးပေါ့ ။ IF( -- , -- , -- ) အရင်ဆုံး ပထမအပိုင်းမှာ မိမိပြဌာန်းလိုက်တဲ့ အခြေအနေကို ရေးရပါမယ်။ သူ့နောက်ကမှ စောစောက အခြေအနေရှိရင် ဖြစ်လာမယ့်အရာ ကို ရေးရပါမယ်။ နောက်ဆုံးမှာတော့ စောစောက အခြေအနေ မရှိခဲ့ရင် ဖြစ်လာမယ့်အရာကို ရေးရပါမယ်။ 



စောစောက သီချင်းကို Excel က သူလဲ လိုက်ဆိုလိုက်တော့ ဒီလိုဖြစ်သွားတယ်။

       =IF(သူနဲ့သာ , ဘယ်လိုပင် ဝေးပါစေ လိုက်မှာပဲ အမြဲတွဲယှဉ် , ဘယ်လိုက်မှာလဲ ဝေလာ ဝေး)



ဒီတစ်ပုဒ်နဲ့တင် မဝလို့ Excel က နောက်တစ်ပုဒ် ထက်ဆိုလိုက်သေးတယ်။

       =IF(မိုးရွာမယ် , သည်းလိုက်စမ်းပါ့ကွယ် , ညှိုး စံပယ်ရုံပင်တွေ)









လေ့ကျင့်ခန်း




Excel Logic “IF” အတွက် လေ့ကျင့်ခန်း အနေဖြင့် ၁၀ တန်း အမှတ်စာရင်းအတု တစ်ခုကို  အသုံးပြုပါမယ်။ ၁၀ တန်း အမှတ်စာရင်းတစ်ခုမှာ အဓိကကတော့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အမည် နဲ့ သူတို့ရဲ့ တစ်ဘာသာချင်းဆီမှာ ရခဲ့တဲ့ အမှတ်တွေရှိနေမယ်။

ဒီကျောင်းသားကျောင်းသူတွေအနေနဲ့ စာမေးပွဲ အောင်လား မအောင်လားသိချင်တယ်။ အောင်လိုရှိရင်လည်း ဂုဏ်ထူး ဘယ်နှစ်ခု ပါလဲ သိချင်တယ်။ ဒါတွေကတော့ အခြေအနေတွေဖြစ်ပါတယ်။




ဒီအခြေအနေတွေကို တစ်ခုချင်းဆီ စမ်းစစ်ကြည့်ရအောင်။

၁။ တစ်ဘာသာဆီမှာ အောင်ဖို့ အနည်းဆုံး အမှတ် ၄၀ လိုပါတယ်။

၂။ တစ်ဘာသာဆီမှာ ဂုဏ်ထူးရဖို့ အနည်းဆုံး ၇၅ မှတ် လိုပါတယ်။

၃။ ၁၀ တန်း စာမေးပွဲအောင်ဖို့ ဘာသာစုံ အောင်ဖို့လိုပါတယ်။










လေ့ကျင့်ခန်း ၁



အရင်ဆုံး တစ်ဘာသာချင်းဆီမှာ အောင်မအောင် အရင်မေးကြည့်ပါမယ်။ တစ်ဘာသာဆီမှာ အောင်ဖို့ အနည်းဆုံး အမှတ် ၄၀ လိုတဲ့အတွက် ကျောင်းသားကျောင်းသူတိုင်းဟာ အကယ်၍ ရမှတ် ၄၀ နှင့် အထက်ပိုပြီး ရပြီဆိုရင် အဲဒီဘာသာ အောင်ပါပြီ။ ဒါမှမဟုတ်ဆိုရင် ကျပါမယ်။ ပြီးခဲ့တဲ့ စာကြောင်းလေးက မြန်မာလိုရေးထားရင် ရှင်းရှင်းလေးပါ။ ဒီစာကြောင်းရှင်းရှင်းလေးကို Excel နားလည်တဲ့ ဘာသာစကားနဲ့ ပြန်ပြောင်းရေးလိုက်ရပါမယ်။



အရင်ဆုံး မောင်ဖြိုး မြန်မာစာ အောင် မအောင် ကို Excel ကို မေးလိုက်ရအောင်။ မောင်ဖြိုးရဲ့ မြန်မာစာရမှတ်ဟာ Excel ရဲ့ ဆဲလ်အကွက် B2 မှာ ရှိပါတယ်။ မောင်ဖြိုး မြန်မာစာ အောင်မအောင် ကို Excel ရဲ့ ဆဲလ်အကွက် B12 မှာ မေးကြည့်မယ်။ Excel Formua တွေ ထဲမှာ စာသားတွေကို ရေးစေချင်ရင် မျက်တောင်အဖွင့်အပိတ်လေးနဲ့ ရေးရပါမယ်။




မြန်မာလို ရေးခြင်း


အင်္ဂလိပ်လို ရေးခြင်း

Excel လို ရေးခြင်း

အကယ်၍ မောင်ဖြိုးရဲ့ မြန်မာစာ ရမှတ်ဟာ ၄၀ နှင့် အထက် ဆိုရင်


If Mg Phyo’s Myanmar Score >= 40,

IF(B2>=40,

အောင်တယ်။


he passes.

“Pass”

ဒါမှ မဟုတ်ရင် ကျတယ်။


Otherwise, he fails.

“Fail”)



ဆဲလ်အကွက် B12 မှာ အောက်ပါ Formula ကို ရိုက်ထည့်ပါ။

            =IF(B2>=40,”Pass”,”Fail”)

မောင်ဖြိုး မြန်မာစာ မအောင်တဲ့ အတွက် Fail ဆိုပြီး ဆဲလ်အကွက် B12 မှာ ပေါ်လာပါမယ်။



နောက် မောင်ဖြိုး အင်္ဂလိပ်စာ အောင်မအောင်ကို ဆဲလ်အကွက် C12 ပ်မေးကြည့်ရအောင်။ မောင်ဖြိုးရဲ့ အင်္ဂလိပ်စာရမှတ်ဟာ Excel ရဲ့ ဆဲလ်အကွက် C2 မှာ ရှိပါတယ်။

=IF(C2>=40,”Pass”,”Fail”)

အင်္ဂလိပ်စာမှာ မောင်ဖြိုးအောင်ပါတယ်။






မေးခွန်း ။        ။ ကျန်တဲ့ ကျောင်းသားတွေအတွက် တစ်ဘာသာချင်းဆီမှာ အောင်မအောင် ကို စစ်ကြည့်ပါ။















လေ့ကျင့်ခန်း ၂




အခု ကျောင်းသားတွေဟာ တစ်ဘာသာချင်းဆီမှာ ဂုဏ်ထူး ထွက်မထွက် မေးကြည့်ပါမယ်။ တစ်ဘာသာဆီမှာ ဂုဏ်ထူးထွက်ဖို့ အနည်းဆုံး အမှတ် ၇၅ လိုတဲ့ အတွက် aကျာင်းသားကျောင်းသူတိုင်းဟာ အကယ်၍ ရမှတ် ၇၅ နှင့် အထက်ပိုပြီး ရပြီဆိုရင် အဲဒီဘာသာ ဂုဏ်ထူးထွက်ပါပြီ။ ဒါမှမဟုတ်ဆိုရင် ရိုးရိုးပဲ အောင်ပါမယ်။



မောင်ထက် ရူပဗေဒမှာ ဂုဏ်ထူးထွက်မထွက်ကို ဆဲလ်အကွက် E13 မေးပါမယ်။ မောင်ထက်ရဲ့ ရူပဗေဒ အမှတ်ဟာ Excel ရဲ့ ဆဲလ်အကွက် E3 မှာ ရှိပါတယ်။




မြန်မာလို ရေးခြင်း


အင်္ဂလိပ်လို ရေးခြင်း

Excel လို ရေးခြင်း

အကယ်၍ မောင်ထက်ရဲ့ ရူပဗေဒ ရမှတ်ဟာ ၇၅ နှင့် အထက် ဆိုရင်


If Mg Htet’s Physics Score >= 75,

IF(E3>=75,

ဂုဏ်ထူးထွက်တယ်။


he gets distinction.

“Distinction”

ဒါမှ မဟုတ်ရင် ရိုးရိုးပဲအောင်တယ်။


Otherwise, he passes normally

“Normal Pass”)



ဆဲလ်အကွက် E13 မှာ အောက်ပါ Formula ကို ရိုက်ထည့်ပါ။

=IF(E3>=75,”Distinction”,”Normal Pass”)

မောင်ထက် ရူပဗေဒ ဂုဏ်ထူးထွက်တဲ့ အတွက် Distinction ဆိုပြီး ဆဲလ်အကွက် E13 မှာ ပေါ်လာပါမယ်။






မေးခွန်း ။        ။ ကျန်တဲ့ ကျောင်းသားတွေအတွက် တစ်ဘာသာချင်းဆီမှာ ဂုဏ်ထူး ထွက် မထွက် ကို စစ်ကြည့်ပါ။











လေ့ကျင့်ခန်း ၃




အခုတော့ ကျောင်းသားတွေဟာ ၁၀ တန်း စာမေးပွဲ အောင်မအောင်ကို စစ်ပါမယ်။ ၁၀ တန်းစာမေးပွဲအောင်ဖို့ မြန်မာစာရော၊ အင်္ဂလိပ်စာရော၊ သင်္ချာရော၊ ရူပဗေဒရော၊ ဓာတုဗေဒရော၊ ဇီဝဗေဒရော အားလုံးမှာ အောင်ဖို့လိုပါတယ်။ အဲဒီလို ဟိုဟာရော ဒီဟာရော တစ်ပြိုင်နက်ထဲ ဖြစ်နေတာကို အစုသီအိုရီ (Set Theory) မှာ နှင့်” “And” နဲ့ ပြောလေ့ရှိပါတယ်။ Excel မှာ တော့ IF(AND(--, -- , --), --, -- ) ဆိုပြီး ရေးပါမယ်။



ဥပမာအနေနဲ့ မနှင်းက ၁၀ တန်း စာမေးပွဲ အောင်မအောင်ကို ဆဲလ်အကွက် H7 မှာ စစ်ပါမယ်။ မနှင်းရဲ့ ရမှတ်တွေဟာ ဆဲလ်အကွက် B7, C7, D7, E7, F7 နဲ့ G7 မှာ ရှိပါတယ်။




မြန်မာလို ရေးခြင်း


အင်္ဂလိပ်လို ရေးခြင်း

Excel လို ရေးခြင်း

အကယ်၍ မနှင်းရဲ့ ဘာသာရမှတ်တိုင်းဟာ ၄၀ နဲ့အထက်ဆိုရင်

If Ma Hninn’s Myanmar Score >= 40
And her English Score >=40
And her Math Score >=40
And her Physics Score >=40
And her Chemistry Score >=40
And her Biology Score >=40

IF(AND(
B7>=40,
C7>=40,
D7>=40,
E7>=40,
F7>=40,
G7>=40),


၁၀ တန်း စာမေးပွဲ အောင်တယ်။


She passes 10 standard exam.

“Pass”

ဒါမှ မဟုတ်ရင် ၁၀ တန်း စာမေးပွဲ ကျတယ်။


Otherwise, she fails.

“Fail”)



ဆဲလ်အကွက် H7 မှာ အောက်ပါ Formula ကို ရိုက်ထည့်ပါ။

=IF(AND(B7>=40, C7>=40, D7>=40, E7>=40, F7>=40, G7>=40), “Pass”, “Fail”)

မနှင်းက ရူပဗေဒနဲ့ ဇီဝဗေဒပဲ အောင်ပါတယ်။ ကျန်တာ အကုန်ကျတဲ့အတွက် Fail ဆိုပြီး

ဆဲလ်အကွက် H7 မှာ ပေါ်လာပါမယ်။






 မေးခွန်း ။        ။ ကျန်တဲ့ ကျောင်းသားတွေအတွက် ၁၀ တန်း စာမေးပွဲ အောင်မအောင် ကို စစ်ကြည့်ပါ။











လေ့ကျင့်ခန်း ၎




အခုတော့ ကျောင်းသားတွေဟာ ၁၀ တန်း စာမေးပွဲ အောင်မအောင်ကို နောက်တစ်နည်းနဲ့ စစ်ပါမယ်။ အဲဒါ ဘာလဲဆိုတော့ ၁၀ တန်း စာမေးပွဲ အောင်မအောင်လို့ မမေးဘဲ ၁၀ တန်း စာမေးပွဲ ကျမကျဆိုပြီး မေးခွန်းပြောင်းမေးလိုက်တာပါ။ ၁၀ တန်း စာမေးပွဲ ကျဖို့ မြန်မာစာဖြစ်ဖြစ်၊ အင်္ဂလိပ်စာဖြစ်ဖြစ်၊ သင်္ချာဖြစ်ဖြစ်၊ ရူပဗေဒဖြစ်ဖြစ်၊ ဓာတုဗေဒဖြစ်ဖြစ်၊ ဇီဝဗေဒဖြစ်ဖြစ် တစ်ခုခုမှာပဲ ကျဖို့လိုပါတယ်။ အဲဒီလို ဟိုဟာဖြစ်ဖြစ် ဒီဟာဖြစ်ဖြစ် ကို အစုသီအိုရီ (Set Theory) မှာ သို့မဟုတ” “Or” နဲ့ ပြောလေ့ရှိပါတယ်။ Excel မှာ တော့ IF(OR (--, -- , --), --, -- ) ဆိုပြီး ရေးပါမယ်။



ဥပမာအနေနဲ့ မအိက ၁၀ တန်း ကျ မကျကို ဆဲလ်အကွက် H8 မှာ စစ်ပါမယ်။ မအိရဲ့ ရမှတ်တွေဟာ ဆဲလ်အကွက် B8, C8, D8, E8, F8 နဲ့ G8 မှာ ရှိပါတယ်။




မြန်မာလို ရေးခြင်း


အင်္ဂလိပ်လို ရေးခြင်း

Excel လို ရေးခြင်း

အကယ်၍ မအိရဲ့ ဘာသာရမှတ်တစ်ခုခုဟာ ၄၀ အောက် ဆိုရင်

If Ma Ei’s Myanmar Score < 40
Or her English Score < 40
Or her Math Score < 40
Or her Physics Score < 40
Or her Chemistry Score < 40
Or her Biology Score < 40

IF(OR(
B8<40,
C8<40,
D8<40,
E8<40,
F8<40,
G8<40),


၁၀ တန်း စာမေးပွဲ ကျတယ်။


She fails 10 standard exam.

“Fail”

ဒါမှ မဟုတ်ရင် ၁၀ တန်း စာမေးပွဲ အောင်တယ်။


Otherwise, she passes.

“Pass”)



ဆဲလ်အကွက် H8 မှာ အောက်ပါ Formula ကို ရိုက်ထည့်ပါ။

=IF(OR(B8<40, C8<40, D8<40, E8<40, F8<40, G8<40), “Fail”, “Pass”)

မအိအတွက် Pass ဆိုပြီး ဆဲလ်အကွက် H8 မှာ ပေါ်လာပါမယ်။






မေးခွန်း ။         ။ ကျောင်းသားတွေ ၁၀ တန်း စာမေးပွဲ အောင်မအောင် ကို IF(OR (--, -- , --), --, -- ) သုံးပြီး စစ်ကြည့်ပါ။