Saturday, September 21, 2013

Excel Data Entry Form

ဒီပို့စ်ကို လာဖတ်ပြီဆိုကတည်းက Excel မှာ ဒေတာသွင်းဖူးတဲ့သူတွေဖြစ်ဖို့များတယ်။ Excel က သုံးရတာ အလွယ်ကူဆုံး Spreadsheet ဆော့ဖ်ဝဲလ်တွေထဲမှာ ပါပေမယ့် ဒေတာသွင်းတဲ့နေရာမှာ အမှားအရမ်းပါစေတယ်။ အထူးသဖြင့်  တိုင် (Column) တွေကို ညာရွေ့ပြီး သွင်းသွင်းသွားရတာဖြစ်တဲ့အတွက် ရှေ့ဆုံး Column တွေမှာ သွင်းထားတဲ့ဟာကို Freeze Pane မလုပ်ထားရင် မမြင်ရပါဘူး။ နောက်ပြီး တဖြည်းဖြည်းနဲ့  လိုင်း (Row) တွေ မှားပြီး သွင်းမိနိုင်ပါတယ်။

ဒေတာဖြည့်ရင် အမှားအနည်းဆုံးဖြစ်စေချင်ရင် ဒေတာဖြည့်ဖို့ Form လေးတစ်ခုလောက် လိုတယ်။ Form ရှိခြင်းက ကိုယ်ဘယ် Row ဘယ် Column ကို သွင်းနေတယ်ဆိုတာ ပိုပြီး ပေါ်လွင်စေတော့ အမှားသိပ်မလုပ်မိတော့ဘူးပေါ့။

Microsoft Office ကနေ Form ဆန်းဆန်းပြားပြားလုပ်ချင်ရင်တော့ Access ကို သုံးနိုင်ပါတယ်။ ဒါပေမယ့် ပုံမှန် စာရင်းအင်းလောက်ပဲ မှတ်တာကျတော့ Access ကို သုံးဖို့လုပ်နေရင် အချိန်တွေပိုကြာပြီး ဒေတာ Export လုပ်နေတုန်းတင် အမှားပိုများလာနိုင်ပါတယ်။ ဒီတော့ Excel မှာ ပဲ Data Entry Form လေးတစ်ခု လုပ်နိုင်ရင်ကောင်းတာပေါ့။

Excel 2003 တုန်းကတော့ ဒီ Data Entry Form လေးက Data Toolbar လေးထဲမှာ တစ်ခါတည်းပါပြီးသား။ ဒါပေမယ့် Excel 2007 နဲ့ Excel 2013 ကျတော့ ကိုယ့်ဘာသာကိုယ် Toolbar ပေါ်ကို ပြန်တင်ရတော့မယ်။ ဘယ်လိုတင်ရမလဲဆိုတာ ပြောပြမယ်နော်။

၁။ File ထဲက Options ကို သွားပါ။
၂။ ပြီးရင် Customize Ribbon ကို ရွေးပါ။
၃။ Customize Ribbon ဘယ်ဘက် အပေါ်ထောင့်မှာ Choose commands from ဆိုတာလေးရှိတယ်။ ပုံမှန်ဆိုရင် Popular Commands က ရွေးထားပြီးသား ဖြစ်နေတယ်။ Popular Commands အစား Commands Not in the Ribbon ကို ပြောင်းရွေးလိုက်ပါ။
၎။ အဲဒါဆိုရင် သူ့မှာ အဆင်သင့် မပါတဲ့ Command အသစ်စာရင်းလေး ကျလာလိမ့်မယ်။ အဲဒီ စာရင်းထဲက Form ကို ရွေးပြီး ညာဘက် Main Tabs ထဲက Data ထဲကို ထည့်လိုက်ပါ။
၅။ OK နှိပ်ပြီးရင် Data Entry Form ကို သုံးလို့ရပါပြီ။


ဒီ  Data Entry Form ကို မသုံးခင် ကိုယ့်ရဲ့ Spreadsheet မှာ Column ခေါင်းစီးလေးတွေ အရင်ရှိဖို့ လိုပါတယ်။ ကျွန်မတို့ အရင်တုန်းက သုံးခဲ့တဲ့ ၁၀ တန်း အမှတ်စာရင်း အတုက ခေါင်းစီးလးတွေ ယူသုံးကြည့်ရအောင်။ အဲဒီမှာ နာမည်၊ မြန်မာစာအမှတ်၊ အင်္ဂလိပ်စာအမှတ်၊ သင်္ချာအမှတ်၊ ရူပဗေဒ အမှတ်၊ ဓာတုဗေဒအမှတ်နဲ့ ဇီဝဗေဒအမှတ်တို့ ပါတယ်။ ခေါင်းစီးလေးတွေရေးပြီးသွားပြီဆိုရင် အပေါ်က Toolbar တွေထဲက Data ဆီသွားပြီး Form ကို နှိပ်လိုက်လို့ရှိရင် ကိုယ်လိုချင်တဲ့ Data Entry Form လေးရလာပါပြီ။ သူ့အကွက်လေးထဲမှာပဲ ဖြည့်သွားပြီး Next နှိပ်လိုက်တာနဲ့ နောက်တစ်လိုင်းကို သူ့ဘာသာသူရောက်သွားပါလိမ့်မယ်။


မသုံးဖူးသေးရင် သုံးကြည့်လိုက်ပါ။




Thursday, September 19, 2013

MapBox



အခုတလော ဒေတာနဲ့ ပတ်သက်လာရင် မြေပုံတွေ အရမ်း ခေတ်ထနေတယ်။ GPS/GIS ဆော့ဖ်ဝဲလ်ရောင်းတဲ့ ကုမ္ပဏီတွေ၊ လမ်းညွှန်မြေပုံရောင်းတဲ့ ကုမ္ပဏီတွေရော အများကြီးပဲ။ ဒါပေမယ့် GIS ဆော့ဖ်ဝဲလ်၊ မြေပုံလုပ်တဲ့ ဆော့ဝဲလ် တော်တော်များများက တော်ရုံတန်ရုံ လူသုံးနိုင်ဖို့ တော်တော်မလွယ်ပါဘူး။ ပထဝီဝင်တော်တော်သိဖို့လိုအပ်တဲ့အပြင် Computer Programming ပါ ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ဖို့လိုပါတယ်။ နောက်ပြီး အဲဒီ့ဆော့ဖ်ဝဲတွေသုံးတဲ့ ဖိုင်တွေက Shape File လို့ခေါ်တဲ့ သဏ္ဍာန်ပြဖိုင်လေးတွေ ဒါမှမဟုတ် KML ဖိုင်တွေစတဲ့ ပုံမှန်လူတွေ မသုံးတတ်တဲ့ ဖိုင်တွေများပါတယ်။ လိုရင်းကတော့ သုံးဖို့ အဆင်မပြေဘူးပေါ့။

မြေပုံသုံးဖြစ်တာက ဒေတာတွေရဲ့ တည်နေရာတွေကို ရှင်းရှင်းလင်းလင်းမြင်စေချင်လို့ပါ။ ဥပမာဆိုရင် ငယ်ငယ်တုန်းက ပထဝီမှာ ကြံပင်ထွက်တဲ့နေရာကို မြန်မာပြည်မြေပုံမှာ အရောင်ခြယ်ပြတာမျိုး၊ နိုင်ငံတွေ နယ်နိမိတ်ကို ကမ္ဘာ့ မြေပုံပေါ်မှာ ဆွဲပြတာမျိုးပေါ့။ ဒီလိုမြေပုံတွေဆိုရင် ပထဝီမှာ ကျွန်မတို့ ၃ တန်းကတည်းက စဆွဲဖြစ်ခဲ့တာပဲ။ သဘောတရားက သိပြီးသား။ ဒါပေမဲ့ ကွန်ပြူတာနဲ့ လှတပတ ဖြစ်အောင်ဆွဲဆိုရင်တော့ ပြဿနာစတွေ့တော့တာပဲ။ အထူးသဖြင့် အခုက အင်တာနက်ခေတ်ဆိုတော့ ကိုယ့်မြေပုံလေးတွေကို ဝက်ဘ်ဆိုဒ်တွေပေါ်တင်ချင်တယ်။ ပြီးရင် ဟိုနှိပ်ဒီနှိပ်နဲ့ ချုံ့ ချဲ့ကလည်း ကြည့်ချင်ကြတယ်။ ကိုယ့်အလို ကိုယ်ပြန်လိုက်နိုင်ဖို့ကို တော်တော်လုပ်ရတော့မယ်။

ကျွန်မလည်း အစကတော့ မြေပုံဖိုင်တွေအကြောင်းလည်း သိပ်မသိ၊ ပထဝီလည်း မပိုင်၊ Programming မှာလည်း ခပ်ချာချာဆိုတော့ လူပိန်းတို့ထုံးစံအတိုင်း GoogleMap ဆီအရင်ရောက်သွားတာပေါ့။ ဒါပေမယ့် GoogleMap က လူလည်ကြီး။ လူတွေကို အမြည်းကျွေးပြီး ဆန့်တငင်ငင်လေးဖြစ်အောင် အရမ်းလုပ်တတ်တာ။ ကိုယ်က ကြံပင်တွေရှိတဲ့နေရာရဲ့ လောင်ဂျီကျု၊ လတ္တီကျုတွေပါတဲ့ Excel ဖိုင်လေးတွေကို GoogleMap မှာ တင်ပေးလိုက်လို့ရှိရင် မြေပုံပေါ်မှာ သူက မြားလေးတွေထောက်ပြပေးတယ်။ မြေပုံကို Terrain လုပ်မလား၊ Satellite လုပ်မလား၊ မြားကို ဘယ်အရောင်နဲ့ထောက်မလဲ...စသည့်ဖြင့် လွယ်လွယ်ကူကူနဲ့ စိတ်ကြိုက်ဆွဲလို့ရပါတယ်။ ဒါနဲ့ကိုယ်က ကြံပင်လေးတွေ လိုက်ထည့်လိုက်ထည့်နဲ့ မြား  ၁၀၀ လည်း ပြည့်ရော နောက်ထပ် ထည့်လို့မရတော့ဘူး။ နောက်ပြီး GoogleMap ကို သုံးပြီး လုပ်ထားတဲ့မြေပုံကို သူ့ရဲ့ ခွင့်ပြုချက် မရဘဲ တစ်ခြား ဝက်ဘ်ဆိုဒ်တွေမှာ တင်လို့မရပါဘူး။ တင်မိသွားရင် တရားအစွဲခံနိုင်ရတဲ့အပြင် စောစောက ကိုယ့်ရဲ့ဒေတာတွေပါ သူ့အပိုင်ဖြစ်သွားပါတယ်။ တစ်ခြား မြေပုံလုပ်တဲ့ ဆော့ဖ်ဝဲလ်တွေကလည်း သုံးတတ်အောင် နားလည်အောင် ကြိုးစားလေလေ ပိုပိုခက်သွားလေဖြစ်တော့တာပဲ။

ဒါနဲ့ ဇွန်လတုန်းက ဒီမှာ ကမ္ဘာ့ စီးပွားရေးဖိုရမ်ရှိတော့ အဲဒီတုန်းက လာတဲ့ လူငယ်ကမ္ဘာ့ခေါင်းဆောင် တစ်ယောက်နဲ့ စကားလက်ဆုံပြောဖြစ်တော့ သူက MapBox ဆိုတဲ့ ကုမ္ပဏီက ထုတ်တဲ့ TileMill ဆိုတဲ့ဆော့ဖ်ဝဲလ်ကို သုံးကြည့်ဖို့ ညွှန်းတာနဲ့ သုံးကြည့်လိုက် အရမ်းကြိုက်သွားတယ်။ အဓိကကြိုက်ရတဲ့ အကြောင်းရင်းတွေက
၁) TileMill က အလကားသုံးလို့ရတယ်။ အလကားရတဲ့ဆော့ဖ်ဝဲလ် (အထူးသဖြင့် အရမ်းလည်းကောင်းတဲ့) ကို မကြိုက်တဲ့သူ ဘယ်သူရှိလဲ။
၂) GoogleMap လောက်နီးနီး သုံးရတာ လွယ်ကူတယ်။ သူက GUI နည်းနည်း၊ Coding နည်းနည်းဆိုတော့ Programming အခြေခံလောက်ပဲသိတဲ့ ကျွန်မတို့လိုလူ တွေ သုံးလို့အဆင်ပြေတယ်။ ကိုယ့် Excel CSV ဖိုင်မှာ လောင်ဂျီကျု၊ လတ္တီကျု တို့ပါရင်ရပြီ။
၃) GoogleMap လို နောက်ကြောင်း မရှုပ်ဘူး။ သူက Openstreetmap ကို အခြေခံပြီး သုံးတာဖြစ်တဲ့အတွက် ဘယ်သူမဆို ကြိုက်သလောက် သုံးလို့ရပါတယ်။
၎) TileMill မှာ Instruction တွေ ဥပမာတွေ တစ်ခါတည်းပါတယ်။ အွန်လိုင်းမှာ လည့်ပတ်လိုက်ရှာနေစရာမလိုဘူး။

TileMill သုံးပုံသုံးနည်းတွေကို နောက်ကြုံမှပဲ ထပ်ပြောတော့မယ်။  အပေါ်မှာတော့ ကျွန်မ WHO က dataset ကို ဒေါင်းပြီး စမ်းလုပ်ကြည့်ထားတဲ့ မြေပုံလေးကို တွဲတင်ပေးလိုက်ပါတယ်။

Monday, September 16, 2013

Problematic Zero


သုညဟာ တစ်ကယ်တော့ သင်္ချာရဲ့ အုတ်မြစ်ပါ။ မရှိကိန်းကို ကိုယ်စားပြုတဲ့ သုညဆိုတဲ့ ဂဏန်းပေါ်လာလို့သာ အပြည့်ကိန်းတွေ ဖြစ်တဲ့ ၁၊ ၂၊ ၃၊ ၄၊ ... စသည်တို့ ဖြစ်လာတာပါ။ နောက်ပြီး အရှေ့တိုင်း ဒဿနမှာလည်း သုညကို အရမ်းတန်ဖိုးထားကြပါတယ်။
 
ဒါပေမယ့် ဘယ်သုတေသနသမားမဆို အမြဲတမ်း ကြုံတွေ့ရတဲ့ ပြဿနာမျိုးစုံနဲ့ ကိန်းဂဏန်းတစ်ခုကလည်း သုညပဲ။ ဘာလို့လဲဆိုတော့ သုညမျိုးစုံရှိလို့ပါ ။ ဒါပေမယ့် တော်ရုံ သုတေသီတွေက သုညကို သိပ်အလေးမပေးကြဘူး။

ဥပမာ ကျွန်မတို့က အရက်သမားတွေ အရက်များများသောက်ရင် သေတာစောလားလို့ သိချင်တဲ့ သုတေသီတွေ ဆိုပါတော့။ ဒီမှာတင် ကျွန်မတို့ဆီမှာ သုညမျိုးစုံရှိလာပြီ။
 

၁) မဆိုင်တဲ့ သုည

တစ်ခါတစ်လေ ဒေတာမှာ သုညတွေ ပါလာတာက နဂိုကတည်းက ကိုယ်က  မဆိုင်တာကို သွားမေးထားလို့လေ ။ ငါးပါးသီလလုံအောင် ထိန်းပါတယ်ဆိုတဲ့သူကို တစ်နေ့ အရက်ဘယ်နှစ်ခွက်သောက်လဲသွားမေးထားတာမျိုး ပေါ့။ အဲဒီလိုဆိုရင် ကိုယ့်မေးခွန်းအတွက် အဖြေမှာ သုညဆိုပြီး ပါလာပြီ။ 

 ၂) ဆိုင်တာဆိုင် မပိုင်တဲ့ သုည

နောက်ထပ်တစ်ခုက ဆိုင်တာတော့ မေးပါရဲ့။ အရက်သမားတစ်ယောက်ကို ဒီနေ့ အရက် ဘယ်နှစ်ခွက် သောက်ထားလဲ သွားမေးထားတယ်။ သူကလည်း ပြောတယ်။ ဆယ်ခွက်လောက်ရှိပြီတဲ့ ။ ဒါပေမယ့် မေးတဲ့သူက မေ့ပြီး စာရွက်ထဲမှာ မဖြည့်မိလိုက်ဘူး။ ဒီတော့ Excel မှာ ဖြစ်ဖြစ် SPSS မှာ ဖြစ်ဖြစ် ဒေတာထည့်ရင် ထည့်တဲ့သူက ယောင်ပြီး သုညလို့ ထည့်လိုက်တယ်။ 

 ၃) ဆိုင်လည်းဆိုင် ပိုင်လည်းပိုင်တဲ့ သုည

နောက်ထပ်တစ်ခုက ဆိုင်တာလည်း မေးတယ် ။ တကယ်ကို မရှိလို့ သုညဖြစ်သွားတာ။ အရက်သမားတစ်ယောက်ကို ဒီနေ့ အရက်ဘယ်နှစ်ခွက် သောက်ထားလဲသွားမေးရင် တစ်ခွက်မှ မသောက်ရသေးဘူး လို့ဖြေရင် ဒါက အမှန်တကယ် သုညပဲ။

****************************************************************************************

သုညရဲ့ အဓိကပြဿနာက ပျမ်းမျှခြေရှာရင် ရွာပတ်တော့တာပဲ။  ပျမ်းမျှခြေ Mean ဆိုရင် စုစုပေါင်းကိုတည် အရေအတွက်နဲ့ စားတာဆိုတာ့ သုညရှိတဲ့ သူကိုလည်း အရေအတွက် ရေတဲ့နေရမှာ ထည့်သွင်းစဉ်းစားရတယ်။

ကိုယ်က အရက်သမား ၁၀ ယောက်ကို သွားမေးထားတယ်။ အဲဒီထဲက တစ်ယောက်က တကယ် မသောက်ရသေးလို့ သုညဖြစ်နေတယ်။ ဒီမှာ ပျမ်းမျှခြေရှာရင် ၁၀ ယောက်ကို အခြေခံရမယ်။

ဒါပေမယ့် ကိုယ်က မေ့ပြီး မေးခွန်းစာရွက်ထဲမှာ မဖြည့်မိလိုက်တဲ့ သုည ရှိနေရင် ပြဿနာ စတက်ပြီ။ ဒီမှာ ကိုယ်မေ့ကျန်ခဲ့တဲ့တစ်ယောက်ကို သုညဆိုပြီး ထည့်တွက်လိုက်ရင် ပျမ်းမျှခြေက ပိုနည်းနေမယ်။ တစ်ယောက်လောက်ဆို တော်သေးတယ်။ ၅ ယောက်လောက်က သုညဆိုရင် ပျမ်းမျှခြေက သိသိသာသာကြီးကို ပိုနည်းနေမယ်။ ဒီတော့ အဲဒီတစ်ယောက်ကို ဖယ်ပြီး ပျမ်းမျှခြေရှာရင် ၉ ယောက်ကို အခြေခံရမယ်။

ကိုဘုရားလောင်းပါလာရင်လည်း အတူတူပဲ။ ကိုယ့်မေးခွန်းက အရက်သမားတွေကိုပဲ ဦးစားပေးထားတာ။
ဒီတော့ ကိုဘုရားလောင်းတစ်ယောက်ကို ဖယ်ပြီး ပျမ်းမျှခြေရှာရင် ၉ ယောက်ကို အခြေခံရမယ်။


****************************************************************************************

တကယ်တော့ မဆိုင်တဲ့ သုညတို့၊ ဆိုင်တာဆိုင် မပိုင်တဲ့သုညတို့ဆိုတာ မရှိသင့်ပါဘူး။ သူတို့ကို ထားရှိခြင်းအားဖြင့် အမှန်တကယ်ဖြစ်တဲ့ သုညတွေနဲ့ မှားသွားစေနိုင်ပါတယ်။ Statistics မှာတော့ အဲဒီ့ မဆိုင်တဲ့၊ မပိုင်တဲ့ သုညတွေကို Missing Values ဆိုပြီး ပြောင်းခေါ်လိုက်တယ်။ ပြီးတော့ သုညအစား -9999, -9998, -9997 စတဲ့ ကိုယ်ဒေတာထဲမှာ လုံးဝကို မရှိနိုင်တဲ့ နံပါတ်တစ်ခုခုကို ပြောင်းသုံးလိုက်ကြတယ်။


နောက်တစ်ခေါက် ကိုယ့်ဒေတာမှာ သုညပါလာရင် သတိထားနိုင်ကြပါစေ။

 

Monday, September 2, 2013

Blah-Blahmeter



မီတာ ဆိုတဲ့ စာလုံးကို ကျွန်မတို့ ကျွမ်းဝင်ပြီးသားပါ။ မီတာဆိုတာ တိုင်းတာမှု ယူနစ်လေးတစ်ခုပေါ့။ ပြီးတော့ တစ်ခုခုကို တိုင်းတာတဲ့ ကိရိယာတွေကိုလည်း နောက်မှာ မီတာ တတ်ခေါ်ကြတယ်။ ဥပမာ လေဖိအားတိုင်းကိရိယာကို ဘာရိုမီတာ Barometer, ကားတွေက အမြန်နှုန်း တိုင်းကိရိယာဆိုရင် စပီဒိုမီတာ Speedometer စသည်ဖြင့်ပေါ့။ 

ဒီနေ့ကျွန်မမိတ်ဆက်ချင်တဲ့ မီတာကတော့ Blah-Blahmeter လို့ခေါ်တယ်။ မြန်မာလိုဆိုရင်တော့ ဘာညာဘာညာမီတာလို့ ဘာသာပြန်ရလိမ့်မယ်။ သူ့ကို Dan Roam လို့ခေါ်တဲ့ လူတစ်ယောက်က ထွင်ထားတာပါ။ Dan Roam က Google တို့ Wal-Mart တို့မှာ ကြုံတွေ့လေ့ရှိရတဲ့ ပြဿနာရှုပ်ရှုပ်ထွေးထွေးတွေကို လိုက်ဖြေရှင်းပေးတဲ့ ကုမ္ပဏီတစ်ခုကို ထောင်ထားပါတယ်။

ကျွန်မတို့တွေ နေ့တိုင်း လူတွေနဲ့ ဆက်သွယ်စကားပြောတယ်။ အလုပ်မှာဆိုရင် Meeting တွေ လုပ်တယ်။ Report တွေ ရေးတယ်။ Presentation တွေ လုပ်တယ်။ Speech တွေ ပေးတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ပရိသတ်က ကိုယ်ပြောလိုက်တာ၊ ရေးလိုက်တာ၊ ပြလိုက်တာတွေကို နားလည်ကြရဲ့လား။ နားမလည်ဘူးဆိုရင်လည်း ဘာကြောင့်လဲ။ ကိုယ်ဘယ်လို လုပ်လိုက်ရင် ပိုကောင်းသွားမလဲ ဆိုတာ ပြန်ပြီး တွေးလေ့မရှိကြပါဘူး။ 

အဲဒါကို Dan Roam က ဘာပြောထားလဲဆိုတော့ များသောအားဖြင့် ကျွန်မတို့ စာရေးရင်ပဲ ဖြစ်ဖြစ် ၊ စကားပြောရင်ပဲ ဖြစ်ဖြစ် အပိုစာသားတွေ အများကြီးပါပါတယ်။ အဲဒီ အပိုစာသားတွေများနေတဲ့ အစီအရင်ခံစာတို့၊ အစည်းအဝေးတို့၊ မိန့်ခွန်းတို့ဆိုရင် ပရိသတ်က သိပ်နားမလည်တော့ဘူး။ နားလည်ဖို့လည်း မကြိုးစားတော့ဘူး။ အပိုစာသားတွေကို ဘယ်လောက်ရှိနေမှန်းကို ကျွန်မတို့ရဲ့ ပရိသတ်ကို ကြည့်ပြီး သိနိုင်ပါတယ်တဲ့။  အဲဒီ အပိုစာသားတွေကို တိုင်းတာတဲ့ နည်းလမ်းတစ်ခုကို သူက ဘာညာဘာညာမီတာ Blah-blahmeter လို့ နာမည်ပေးထားတာပါ။ 


Dan Roam ရဲ့ Blah-blahmeter မှာ ပရိသတ်တွေ ခံစားနေရတဲ့ အခြေအနေ ၄ မျိုးရှိပါတယ်။ အဲဒါကို ဇယားကွက်လေးရဲ့ ပထမအကြောင်းမှာ ပုံလေးတွေနဲ့ ပြထားပါတယ်။ ရှေ့ဆုံးပုံကတော့ ကိုယ်ပြောတာ ရှင်းတယ်လို့ထင်တဲ့သူပါ့။ နောက်တစ်ယောက်က ကိုယ်ပြောတာက ပျင်းလို့အိပ်ပျော်နေတယ်။ နောက်တစ်ယောက်က ကိုယ်ပြောတာကို ဝါးတားတားလေး ဖြစ်နေသလိုပဲ။ နောက်ဆုံးတစ်ယောက်ကတော့ ကိုယ်ဘာပြောလို့ပြောနေမှန်းကို မသိတော့တဲ့သူ ပေါ့။

ဒုတိယအကြောင်းမှာက မိမိ ဘယ်လိုပြောနေလို့ ကိုယ့်ပရိသတ်တွေ ပထမအကြောင်းက ပုံလေးတွေကို ဖြစ်နေသလဲဆိုတာကို ပြောထားပါတယ်။ ရှေ့ ဆုံးပုံမှာ ကိုယ်ပြောတာကို ပရိသတ်က ရှင်းတယ်လို့ထင်နေတာက ကိုယ်က ရိုးရိုးလေးပဲ ပြောလို့ပါ။ ဒုတိယတစ်ယောက်က အိပ်ပျော်နေရတာက ကိုယ်က သက်ဆိုင်တာကိုတော့ ပြောနေပါရဲ့။ ဒါပေမယ့် အရမ်းရှုပ်နေလို့ပါတဲ့။ တတိယတစ်ယောက်က ဝါးတားဝါးတားဖြစ်နေရတာက ကိုယ်ပြောလိုက်တဲ့ဟာမှာ တစ်ခုခုလိုသွားလို့ပါ။ နောက်ဆုံးတစ်ယောက်က လုံးဝ ဘာမှ မသိတာကတော့ မိမိကိုယ်တိုင်က မဆိုင်တာတွေ သွားပြောနေလို့ပါ။

တတိယအကြောင်းမှာတော့ ပရိသတ်တွေရဲ့ နားလည်မှုကို တိုင်းတာပြထားပါတယ်။ လူတစ်ယောက်တစ်ခုခု နားလည်ပြီဆိုရင် ကျွန်မတို့တွေ မီးလုံးပုံလေးနဲ့ ပြလေ့ရှိတယ်လေ။ ပထမလူကတော့ ကိုယ်ပြောတာကို နားလည်နေတယ်။ ဒုတိယလူကတော့ သူ့မှာ မီးလုံးတွေ နေမင်းကြီးလောက် အရမ်းများနေလို့ မျက်စိစူးသွားတာပါ။ မျက်စိစူးသွားတော့ သူဘာမှ မမြင်တော့ဘူး။ အဲဒီလိုပဲ ကိုယ်ပြောတာ လိုတာထက်များသွားရင် လူတွေက နားမလည်ကြတော့ဘူး။ တတိယပုံကတော့ တိမ်ဖုံးပါလို့ လမသာတဲ့ ပုံပေါ့။ အရမ်းလင်းသွားရင် မျက်စိစူးသွားလို့ မမြင်သလိုပဲ မှောင်နေရင်လည်း မမြင်ဘူးလေ။ အဲဒီလိုပဲ ကိုယ်က ပြောချင်တာတွေကျန်သွားလို့ရှိရင် နားလည်မှုကို တိမ်ဖုံးထားသလိုပဲ။ နောက်ဆုံးပုံမှာကတော့ အလင်းရောင်ဆီသွားတဲ့ လမ်းကကို ချော်နေတာ။ လမ်းလွဲ ရောက်နေတာ။ အဲဒီလိုပဲ မိမိက ပြောနေတာက ပြောချင်တာနဲ့ တစ်ခြားဆီဆိုရင်လည်း အောက်ကလူက နားမလည်တော့ပါဘူး။

နောက်ဆုံးအကြောင်းကတော့ အခြေအနေတစ်ခုဆီမှာ မိမိဆက်လုပ်ရမယ့်အလုပ်ကို ပြောထားတာပါ။ ပထမပုံအတွက်တော့ မိမိက ရှင်းသထက်ရှင်းအောင် ထက်ပြောဖို့ပဲလိုတယ်။ ဒုတိယပုံမှာကတော့ အရှုပ်ထုပ်ထဲကနေ ကိုယ်ဖြေချင်တဲ့ တစ်ခုကို ရွေးပြီး အဲဒီတစ်ခုတည်းကို သေချာမီးမောင်းထိုးရှင်းဖို့ ပြောပါတယ်။ တတိယပုံမှာကတော့ ကိုယ်ဘာကျန်ခဲ့လဲဆိုတာ သိအောင်လုပ်ပြီး ရှင်းပြဖို့ပါ။ နောက်ဆုံးပုံမှာကတော့ သိကြားမင်းတောင် ဆင်းကယ်လို့မရတော့ပါဘူး။ ကိုယ်ပြောချင်တဲ့ ခေါင်းစဉ်နဲ့ အကြောင်းအရာကို အစကနေ ပြန်စဉ်းစားပြီး အသစ်ကပြန် စလုပ်ရပါမယ်။




ကိုးကား   ။         ။ Dan Roam ရဲ့ Blah Blah Blah