Monday, September 2, 2013

Blah-Blahmeter



မီတာ ဆိုတဲ့ စာလုံးကို ကျွန်မတို့ ကျွမ်းဝင်ပြီးသားပါ။ မီတာဆိုတာ တိုင်းတာမှု ယူနစ်လေးတစ်ခုပေါ့။ ပြီးတော့ တစ်ခုခုကို တိုင်းတာတဲ့ ကိရိယာတွေကိုလည်း နောက်မှာ မီတာ တတ်ခေါ်ကြတယ်။ ဥပမာ လေဖိအားတိုင်းကိရိယာကို ဘာရိုမီတာ Barometer, ကားတွေက အမြန်နှုန်း တိုင်းကိရိယာဆိုရင် စပီဒိုမီတာ Speedometer စသည်ဖြင့်ပေါ့။ 

ဒီနေ့ကျွန်မမိတ်ဆက်ချင်တဲ့ မီတာကတော့ Blah-Blahmeter လို့ခေါ်တယ်။ မြန်မာလိုဆိုရင်တော့ ဘာညာဘာညာမီတာလို့ ဘာသာပြန်ရလိမ့်မယ်။ သူ့ကို Dan Roam လို့ခေါ်တဲ့ လူတစ်ယောက်က ထွင်ထားတာပါ။ Dan Roam က Google တို့ Wal-Mart တို့မှာ ကြုံတွေ့လေ့ရှိရတဲ့ ပြဿနာရှုပ်ရှုပ်ထွေးထွေးတွေကို လိုက်ဖြေရှင်းပေးတဲ့ ကုမ္ပဏီတစ်ခုကို ထောင်ထားပါတယ်။

ကျွန်မတို့တွေ နေ့တိုင်း လူတွေနဲ့ ဆက်သွယ်စကားပြောတယ်။ အလုပ်မှာဆိုရင် Meeting တွေ လုပ်တယ်။ Report တွေ ရေးတယ်။ Presentation တွေ လုပ်တယ်။ Speech တွေ ပေးတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ပရိသတ်က ကိုယ်ပြောလိုက်တာ၊ ရေးလိုက်တာ၊ ပြလိုက်တာတွေကို နားလည်ကြရဲ့လား။ နားမလည်ဘူးဆိုရင်လည်း ဘာကြောင့်လဲ။ ကိုယ်ဘယ်လို လုပ်လိုက်ရင် ပိုကောင်းသွားမလဲ ဆိုတာ ပြန်ပြီး တွေးလေ့မရှိကြပါဘူး။ 

အဲဒါကို Dan Roam က ဘာပြောထားလဲဆိုတော့ များသောအားဖြင့် ကျွန်မတို့ စာရေးရင်ပဲ ဖြစ်ဖြစ် ၊ စကားပြောရင်ပဲ ဖြစ်ဖြစ် အပိုစာသားတွေ အများကြီးပါပါတယ်။ အဲဒီ အပိုစာသားတွေများနေတဲ့ အစီအရင်ခံစာတို့၊ အစည်းအဝေးတို့၊ မိန့်ခွန်းတို့ဆိုရင် ပရိသတ်က သိပ်နားမလည်တော့ဘူး။ နားလည်ဖို့လည်း မကြိုးစားတော့ဘူး။ အပိုစာသားတွေကို ဘယ်လောက်ရှိနေမှန်းကို ကျွန်မတို့ရဲ့ ပရိသတ်ကို ကြည့်ပြီး သိနိုင်ပါတယ်တဲ့။  အဲဒီ အပိုစာသားတွေကို တိုင်းတာတဲ့ နည်းလမ်းတစ်ခုကို သူက ဘာညာဘာညာမီတာ Blah-blahmeter လို့ နာမည်ပေးထားတာပါ။ 


Dan Roam ရဲ့ Blah-blahmeter မှာ ပရိသတ်တွေ ခံစားနေရတဲ့ အခြေအနေ ၄ မျိုးရှိပါတယ်။ အဲဒါကို ဇယားကွက်လေးရဲ့ ပထမအကြောင်းမှာ ပုံလေးတွေနဲ့ ပြထားပါတယ်။ ရှေ့ဆုံးပုံကတော့ ကိုယ်ပြောတာ ရှင်းတယ်လို့ထင်တဲ့သူပါ့။ နောက်တစ်ယောက်က ကိုယ်ပြောတာက ပျင်းလို့အိပ်ပျော်နေတယ်။ နောက်တစ်ယောက်က ကိုယ်ပြောတာကို ဝါးတားတားလေး ဖြစ်နေသလိုပဲ။ နောက်ဆုံးတစ်ယောက်ကတော့ ကိုယ်ဘာပြောလို့ပြောနေမှန်းကို မသိတော့တဲ့သူ ပေါ့။

ဒုတိယအကြောင်းမှာက မိမိ ဘယ်လိုပြောနေလို့ ကိုယ့်ပရိသတ်တွေ ပထမအကြောင်းက ပုံလေးတွေကို ဖြစ်နေသလဲဆိုတာကို ပြောထားပါတယ်။ ရှေ့ ဆုံးပုံမှာ ကိုယ်ပြောတာကို ပရိသတ်က ရှင်းတယ်လို့ထင်နေတာက ကိုယ်က ရိုးရိုးလေးပဲ ပြောလို့ပါ။ ဒုတိယတစ်ယောက်က အိပ်ပျော်နေရတာက ကိုယ်က သက်ဆိုင်တာကိုတော့ ပြောနေပါရဲ့။ ဒါပေမယ့် အရမ်းရှုပ်နေလို့ပါတဲ့။ တတိယတစ်ယောက်က ဝါးတားဝါးတားဖြစ်နေရတာက ကိုယ်ပြောလိုက်တဲ့ဟာမှာ တစ်ခုခုလိုသွားလို့ပါ။ နောက်ဆုံးတစ်ယောက်က လုံးဝ ဘာမှ မသိတာကတော့ မိမိကိုယ်တိုင်က မဆိုင်တာတွေ သွားပြောနေလို့ပါ။

တတိယအကြောင်းမှာတော့ ပရိသတ်တွေရဲ့ နားလည်မှုကို တိုင်းတာပြထားပါတယ်။ လူတစ်ယောက်တစ်ခုခု နားလည်ပြီဆိုရင် ကျွန်မတို့တွေ မီးလုံးပုံလေးနဲ့ ပြလေ့ရှိတယ်လေ။ ပထမလူကတော့ ကိုယ်ပြောတာကို နားလည်နေတယ်။ ဒုတိယလူကတော့ သူ့မှာ မီးလုံးတွေ နေမင်းကြီးလောက် အရမ်းများနေလို့ မျက်စိစူးသွားတာပါ။ မျက်စိစူးသွားတော့ သူဘာမှ မမြင်တော့ဘူး။ အဲဒီလိုပဲ ကိုယ်ပြောတာ လိုတာထက်များသွားရင် လူတွေက နားမလည်ကြတော့ဘူး။ တတိယပုံကတော့ တိမ်ဖုံးပါလို့ လမသာတဲ့ ပုံပေါ့။ အရမ်းလင်းသွားရင် မျက်စိစူးသွားလို့ မမြင်သလိုပဲ မှောင်နေရင်လည်း မမြင်ဘူးလေ။ အဲဒီလိုပဲ ကိုယ်က ပြောချင်တာတွေကျန်သွားလို့ရှိရင် နားလည်မှုကို တိမ်ဖုံးထားသလိုပဲ။ နောက်ဆုံးပုံမှာကတော့ အလင်းရောင်ဆီသွားတဲ့ လမ်းကကို ချော်နေတာ။ လမ်းလွဲ ရောက်နေတာ။ အဲဒီလိုပဲ မိမိက ပြောနေတာက ပြောချင်တာနဲ့ တစ်ခြားဆီဆိုရင်လည်း အောက်ကလူက နားမလည်တော့ပါဘူး။

နောက်ဆုံးအကြောင်းကတော့ အခြေအနေတစ်ခုဆီမှာ မိမိဆက်လုပ်ရမယ့်အလုပ်ကို ပြောထားတာပါ။ ပထမပုံအတွက်တော့ မိမိက ရှင်းသထက်ရှင်းအောင် ထက်ပြောဖို့ပဲလိုတယ်။ ဒုတိယပုံမှာကတော့ အရှုပ်ထုပ်ထဲကနေ ကိုယ်ဖြေချင်တဲ့ တစ်ခုကို ရွေးပြီး အဲဒီတစ်ခုတည်းကို သေချာမီးမောင်းထိုးရှင်းဖို့ ပြောပါတယ်။ တတိယပုံမှာကတော့ ကိုယ်ဘာကျန်ခဲ့လဲဆိုတာ သိအောင်လုပ်ပြီး ရှင်းပြဖို့ပါ။ နောက်ဆုံးပုံမှာကတော့ သိကြားမင်းတောင် ဆင်းကယ်လို့မရတော့ပါဘူး။ ကိုယ်ပြောချင်တဲ့ ခေါင်းစဉ်နဲ့ အကြောင်းအရာကို အစကနေ ပြန်စဉ်းစားပြီး အသစ်ကပြန် စလုပ်ရပါမယ်။




ကိုးကား   ။         ။ Dan Roam ရဲ့ Blah Blah Blah


No comments:

Post a Comment