Thursday, November 21, 2013

Date Night




ဒေတာသွင်းရင် အမှား အများတတ်ဆုံးက ရက်စွဲဖြစ်ပါတယ်။ အထူးသဖြင့် ရက်စွဲကိုသုံးပြီး တွက်ချက်မှုတွေ လုပ်ချင်တယ်ဆိုရင် ရက်စွဲမှားလို့ မဖြစ်ပါဘူး။ ဒီမှာတော့ Excel ကို ဥပမာပေးပြီး မှားတတ်တာလေးတွေ ပြောသွားပါမယ်။


(၁) 
Excel မှာ အပြည့်ကိန်း ၁ က January 1, 1900 ရက်ကို ကိုယ်စားပြုပါတယ်။ အပြည့်ကိန်း ၃၁ က  January 31, 1900 ရက်ပေါ့။ အဲ အပြည့်ကိန်း ၃၂ ကျတော့  February 1, 1900 ရက် ဖြစ်သွားပါတယ်။ တစ်ကယ်တမ်းတော့ Excel က ကိုယ်ရေးလိုက်တဲ့ နေ့စွဲနဲ့ January 1, 1900 ရက်ကြားက ရက်ပေါင်းကို တွက်ထားတာ ဖြစ်ပါတယ်။ ဒီနေ့ နေ့စွဲဆိုရင် ဂဏန်းတန်ဖိုး ၄၀၀၀၀ ကျော်ရှိတဲ့ အပြည့်ကိန်းတစ်ခု ထွက်လာပါလိမ့်မယ်။ တစ်ခြား ဆော့ဝဲတွေမှာတော့ အပြည့်ကိန်း ၁ က January 1, 1900 ရက်တော့ ဖြစ်ချင်မှဖြစ်ပေမယ့် Excel လိုပဲ ရက်စွဲတွေကို အပြည့်ကိန်းတွေနဲက ကိုယ်စားပြုထားပါတယ်။ အချို့ဆော့ဖ်ဝဲ (ဥပမာ SPSSSAS) တွေမှာဆိုရင် အနှုတ်ကိန်းပြည့်တွေတောင် ရက်စွဲအဖြစ်ပြောင်းလို့ရပါတယ်။ ဥပမာ ကိန်းပြည့် -၁ ဆိုရင် December 31, 1899 ရက် ဖြစ်သွားတာမျိုးပေါ့။


(၂)
ရက်စွဲတွေနဲ့ ပတ်သက်ပြီး အမှားအများတတ်ဆုံးကတော့ အမေရိကန် ရက်စွဲပုံစံနဲ့ ဗြိတိန်ရက်စွဲပုံစံမှားတာပါပဲ။
- အမေရိကန်က လ၊ ရက်၊ နှစ် လို့ ရေးတယ်။
- ဗြိတိန်က       ရက်၊ လ၊ နှစ် လို့ ရေးတယ်။

များသောအားဖြင့် မြန်မာနိုင်ငံက ကွန်ပြူတာတွေက အမေရိကန်ပုံစံက မူရင်းပုံစံဖြစ်ပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ စာချုပ်စာတမ်းတွေ၊ ဘာတွေလုပ်မယ်ဆိုရင် ရေးတဲ့ ပုံစံက ဗြိတိန်ပုံစံ ဖြစ်ပါတယ်။ ကိုယ့်ကွန်ပြူတာက Excel က အမေရိကန်ပုံစံဖြစ်နေတာကို ရက်၊ လ၊ နှစ် သွားထည့်လိုက်လို့ရှိရင် ဒီမှာတင် တိုင်ပတ်တော့တာပဲ။ ဥပမာ ကိုယ်က November 12, 2013 ခုနှစ် ရေးချင်တာကို 12/11/13 လို့ Excel မှာ ရေးလိုက်လို့ရှိရင် သူ့အတွက် အပြည့်ကိန်းက ၄၁၅၁၉ ဖြစ်သွားပါလိမ့်မယ်။ ကိုယ်လိုချင်လိုက်တဲ့ အပြည့်ကိန်းကတော့ ၄၁၅၉၀ ဖြစ်ပါတယ်။ ဒီအမှားကို ရှောင်ရတာ လွယ်ပါတယ်။ ကိုယ်လိုချင်တဲ့ ရက်စွဲပုံစံကို Format ထဲမှာ  သေသေချာချာ ပြောင်းထည့်ထားရုံပါပဲ။


(၃) 
Excel မှာ အတိုကောက် ခုနှစ် ၀၀ ကနေ ၂၉ က ၂၀၀၀ ခုနှစ်ကနေ ၂၀၂၉ ခုနှစ်အထိကို ကိုယ်စားပြုပြီး ၃၀ ကနေ ၉၉ အထိက ၁၉၃၀ ခုနှစ်ကနေ ၁၉၉၉ ခုနှစ် အထိကို ကိုယ်စားပြုပါတယ်။ ကိုယ်က စောစောကလို November 12, 2013 ကို အမေရိကန်ပုံစံနဲ့ အတိုကောက် ရေးချင်တယ်ဆိုပါတော့။ 11/12/13 လို့ ရေးလိုက်လို့ရှိရင် ရပါတယ်။ ဒါပေမယ့် November 12, 1913 ကို ရေးချင်တယ်ဆိုရင်တော့ အတိုကောက်ပုံစံနဲ့ မရတော့ပါဘူး။ ဒါကြောင့်မို့ ၁၉၃၀ မတိုင်ခင်နဲ့ ၂၀၂၉ ပြီးမှ ရက်စွဲတွေကို အတိုကောက်ရေးလို့ မရပါဘူး။ Excel မှာ ရက်စွဲ မှန်မှန်ကန်ကန်ဖြစ်သွားဖို့ ခုနှစ်ကို ဂဏန်း ၄ ခုလုံးရးမှ ဖြစ်ပါမယ်။


(၄)
နောက်ဆုံးဖြစ်တတ်တဲ့ အမှားကတော့ ရက်စွဲ စာလုံးပေါင်းမှားတာမျိုးပေါ့။ November 11, 2013 လို့ရေးမယ့် အစား Novermber 11, 2013 ရေးတာတို့၊ November 11,2013 မှာလို Space မေ့ကျန်ခဲ့တာမျိုးပေါ့။ နောက်ပြီးရှိသေးတယ်။ 11/12/2013 လို့မရေးဘဲ 11.12.13 ဆိုပြီး Full Stop (Period) တွေ ခံပြီးရေးတာမျိုးပေါ့။ ကိုယ်က စာလုံးပေါင်းမှားသွားလို့ရှိရင် Excel က အဲဒီ Cell ကို ရက်စွဲလို့ မသတ်မှတ်တော့ဘဲ စာသားလို့ပဲ သတ်မှတ်သွားပါလိမ့်မယ်။ အဲဒါဆိုရင်တော့ ကိုယ်က ရက်စွဲကို အသုံးပြုပြီး တွက်ချက်ထားတာ မှန်သမျှ တွက်လို့မရဘဲ ဖြစ်သွားပါလိမ့်မယ်။


(၅)
အထူးသဖြင့် ကိုယ်က စီးပွားရေးတို့၊ ဆေးပညာတို့မှာလို အချိန်ကာလကို သုံးရတဲ့ တွက်ချက်မှုတွေ ရှိလို့ရှိရင် ရက်စွဲက မှန်နေဖို့လိုပါတယ်။ အပေါ်က ပြောခဲ့တာတွေက အသေးအမွှားတွေ ဆိုပေမယ့် အရေးဆိုရင် သူတို့မွှေနေတာပဲ များပါတယ်။ သတိထားတော်မူကြပါကုန်။

No comments:

Post a Comment