Saturday, November 30, 2013

Numbers vs Proporation vs Rates


ကျွန်မ ကျောင်းမှာတုန်းက ဆရာပြောခဲ့တဲ့ ဟာသလေးတစ်ခုကို ပြန်ပြောပြချင်ပါတယ်။

သုတေသီတစ်ယောက်က ဓါတ်ခွဲခန်းထဲမှာ ဆေးဝါးအသစ်တစ်ခုရဲ့ အစွမ်းကို ကြွက်တွေမှာ စမ်းသပ်နေပါတယ်။ အဲဒီဆေးက ကြွက်တွေမှာ ၃၀% ကတော့  ဆေးနဲ့ဓါတ်မတည့်လို့ သေသွားတယ်။ ကျန်တဲ့ကြွက်တွေရဲ့ ၅၀% မှာတော့ ဆေးက အရမ်းကို အစွမ်းထက်တယ်ဆိုပဲ။ ဒါပေမယ့် နောက်ဆုံး ကျန်တဲ့ ကြွက်တစ်ကောင်ကတော့ ထွက်ပြေးသွားတယ်။

နဂိုကတည်းက ကြွက် ၃ ကောင်နဲ့ sample size သေးသေးနဲ့ လုပ်ထားတဲ့ စမ်းသပ်ချက်။ အဲဒီမှာကတည်းက စမှားနေပြီ။ ပြီးတော့ ကြွက်တစ်ကောင်သေတယ်၊ တစ်ကောင်မှာ ဆေးက အစွမ်းထက်တယ်၊ တစ်ကောင်က လွတ်သွားတယ်ဆိုတဲ့ အကြောင်းကို ဖတ်တဲ့သူ မသိအောင် ရာခိုင်နှုန်းတွေနဲ့ မိုးတစ်လုံး၊ လေတစ်လုံး ပြောသွားတယ်။ ဒီဟာသလေးကတော့ ကျွန်မတို့လို Statistician တွေ နံပါတ်တွေနဲ့ မလိမ့်တစ်ပတ်လုပ်တတ်တဲ့ အကျင့်ကို ပြောပြနေတာပါ။ နောက်ဥပမာတွေ ထပ်ပြောပြမယ်နော်။ သတင်းစာတို့၊ ဂျာနယ်တို့ထဲမှာ ပါတတ်တဲ့ ခေါင်းစီးလေးတွေပါ။

ဒီဆေးသောက်လို့ရှိရင် နှလုံးရောဂါဖြစ်နှုန်း တစ်ဝက်လျော့သွားတယ်။ (ရာခိုင်နှုန်း)
တစ်ဝက်ဆိုတာ ဘာကိုဝက်တာလဲ။ ၂ ယောက်မှာ ၁ ယောက် နှလုံးရောဂါမဖြစ်လည်း တစ်ဝက်လျော့တာပဲ။ အယောက် ၈၀ မှာ ၄၀ နှလုံးရောဂါ မဖြစ်လည်း တစ်ဝက်လျော့တာပဲ။ ဒါပေမယ့် ၂ ယောက် ၁ ယောက် လျော့တာဆိုရင်တော့ ဒီဆေးအပေါ်မှာ ယုံကြည်ချက် သိပ်မရှိသင့်ပါဘူး။

အမေရိကားက ဖလော်ရီဒါပြည်နယ်မှာ နယူးယောက်ပြည်နယ်ထက် လူအိုတွေ သေတာများတယ်။ (နံပါတ်)
ဒီတော့ ကိုယ်အသက်ကြီးလာရင် မသေအောင် ဖလော်ရီဒါပြည်နယ်ကို ဝေးဝေးက ရှောင်ရမလိုဖြစ်နေပြီ။ တကယ်က ဖလော်ရီဒါပြည်နယ်က အမေရိကားတောင်ပိုင်းမှာ။ ရှုခင်းလှတယ်။ ရာသီဥတုသာယာတယ်။ အဘိုးကြီး အဘွားကြီးတွေ အငြိမ်းစားယူပြီးရင် ဖလောရီဒါပြောင်းကြတာများတယ်။ နယူးယောက်မှာက အလုပ်လုပ်တဲ လူလတ်ပိုင်းတွေ နေကြတာများတယ်။ ဒီတော့ ဖလော်ရီဒါက နယူးယောက်ထက် လူအိုပိုများတော့ သေတဲ့သူပိုများတာ ဘာဆန်းလဲ။ ဖလော်ရီဒါမှာ နေတဲ့လူအိုတွေထဲက သေတဲ့နှုန်းနဲ့ နယူးယောက်မှာ နေတဲ့လူအိုတွေထဲက သေတဲ့နှုန်းနဲ့ ယှဉ်ရင်တော့ ဘယ်မှာနေနေ မထူးပါဘူး။ သေမှာက သေမှာပါပဲ။

ကိုယ်က နံပါတ်တွေ၊ အပိုင်းကိန်းတွေ၊ ရာခိုင်နှုန်းတွေ စတာတွေကို တွေ့ရင် တစ်ခုထဲနဲ့ မလုံလောက်ပါဘူး။ ဘယ်တစ်ခုမဆို ကိုယ်ပြောချင်တာအပေါ် မူတည်ပြီး လှည့်ပတ်လိမ်သွားလို့ရပါတယ်။ နောက်ဆို နံပါတ်တစ်ခုခုတွေ့လို့ရှိရင် ချက်ချင်း အမှန်လို့ မယူဆဘဲ နည်းနည်းလေး အချိန်ယူပြီး ဒီနံပါတ် မှန်နိုင်၊ မမှန်နိုင် စဉ်းစားစေချင်ပါတယ်။ ကျွန်မ အတွေ့အကြံအရတော့ စာရေးတဲ့သူက လိုရာဆွဲရေးထားပြီး မမှန်တာတွေ များနေလို့ပါ။

No comments:

Post a Comment