Monday, January 27, 2014

Confounding Marathon

ကျွန်မ ပြီးခဲ့တဲ့ အပတ်တုန်းက Yoma Yangon International Marathon မှာ 21 km အတွက် ဝင်ပြိုင်ဖြစ်ပါတယ်။ ပန်းဝင်ဖို့ စုစုပေါင်း ၃ နာရီ ၁၀ မိနစ်ကြာတယ်။ မိန်းကလေးအုပ်စုမှာတော့ နံပါတ် ၁၁၈ ချိတ်တယ်။ မဆိုးဘူးလို့ ပြောလို့ရတာပေါ့။


အပြေးပြိုင်ပွဲဝင်ပြီးတော့မှ ဖတ်ဖူးခဲ့တဲ့ မာရသွန်နဲ့ ပတ်သတ်တဲ့ ဒေတာ အတွက်အချက် အလွဲလေးတစ်ခု အကြောင်းကို ပြန်သတိရသွားပါတယ်။ အဲဒီမာရသွန်က နိုင်ငံတကာ အပြေးသမားများအကြားမှာ နာမည်အရမ်းကြီးတဲ့ Boston Marathon က အကြောင်းလေးဖြစ်ပါတယ်။ ကျွန်မက အရင်က Boston မှာလဲ နေဖူးတော့ သူငယ်ချင်းတွေ Boston Marathon ဝင်ပြိုင်ရင် သွားအားပေးနေကျပေါ့။


တစ်ခါတုန်းက သုတေသီတစ်ယောက်က Boston Marathon က အပြေးသမားတွေရဲ့ အချိန်တွေကို ကြည့်ပြီး ယောက်ျားနဲ့မိန်းမ ပြေးတဲ့အချိန် ပျမ်းမျှချေ ဘယ်လောက်ကွာခြားလဲဆိုတာ သိချင်တယ်။ ကျွန်မတို့ ပုံမှန်ဆိုလို့ရှိရင် ယောက်ျားနဲ့ မိန်းမ ခွန်အားကွာတဲ့အတွက် ယောက်ျားပြေးတာကတော့ ပိုမြန်တယ်ဆိုတာ သိနေတာပဲ။ ဒါပေမယ့် ဒီ Dataset ကနေကျတော့ မိန်းမတွေက ပြေးတာ ပိုမြန်နေတယ်ဆိုပြီး ထွက်လာတယ်။


ဒီတော့ အဲဒီ သုတေသီလည်း ပျာသွားတာပေါ့။ ဘာများမှားနေလဲ၊ ဘာညာ လိုက်ရှာတာပေါ့။


ဖြစ်ချင်တော့ သူ လေ့လာနေတဲ့အချိန်တုန်းက မာရသွန်ဆိုတာ ယောက်ျားတွေပဲ ဝင်ပြိုင်တာများတယ်။ အအိုတွေရော အပျိုတွေရောပေါ့။ ဒါပေမယ့် မိန်းမတွေမှာ ငယ်ငယ်ရွယ်ရွယ် မိန်းမလေးတွေပဲ ဝင်ပြိုင်တာများတယ်။ ကျန်းမာနုပျိုနေတဲ့ မိန်းကလေးတွေ ပြေးတာက အိုမင်းရွတ်တျနေတဲ့ အဖိုးကြီးတွေထက် အဆပေါင်းများစွာ မြန်နေတော့ ကျားမအလိုက် ပျမ်းမျှချေရှာလိုက်ရင် မိန်းကလေးတွေက ပိုမြန်နေသလိုဖြစ်သွားပါတယ်။


အင်္ဂလိပ်စာမှာ ကိုယ့်ရဲ့စိတ်တွေ အတွေးတွေကို ရှုပ်သွားစေတာကို Confound ဖြစ်တယ်လို့ ပြောပါတယ်။ ဒီတော့ Confounder ဆိုတာ ကိုယ့်ရဲ့အတွေးတွေကို ရှုပ်သွားစေတဲ့အရာပေါ့။ ဒီ Confounder က Statistics မှာ အရမ်းအရေးကြီးပါတယ်။ Confounder ရှိနေရင် ကိုယ့်ရဲ့တွက်ချက်မှုက ပြောင်းပြန်ဖြစ်သွားနိုင်ပါတယ်။


မာရသွန်ဥပမာမှာက ကိုယ်တကယ်လေ့လာချင်တာ ကျားမလိင်အလိုက် ပြေးနှုန်းဖြစ်ပေမယ့် အသက်ကွာခြားချက်က ကိုယ့်ရဲ့တွက်ချက်မှုကို ဝင်ရှုပ်သွားပါစေတယ်။ ဒီတော့ ပြေးတဲ့ကျားမအလိုက် အသက်ကွာခြားချက်က Confounder ဖြစ်သွားပါတယ်။ Confounder ပြဿနာမရှိချင်ရင် အသက်အရွယ်အတူတူမှာ ကျားမ ပြေးတာ ဘယ်လိုကွာသလဲ လေ့လာရမှာ ဖြစ်ပါတယ်။


ကျွန်မပြိုင်တဲ့ ရိုးမမာရသွန်မှာကတော့ ယောက်ျားသပ်သပ် မိန်းမသပ်သပ် စာရင်းလုပ်လိုက်တော့ တော်ပါသေးရဲ့။ နို့မို့ဆိုရင် ကျွန်မရဲ့ ပန်းဝင်တဲ့ နံပါတ်က ၄၀၀ ကျော်သွားမယ်။


No comments:

Post a Comment