Friday, January 10, 2014

Let's have a t Party


အုပ်စု ၂ ခုရှိပြီး အဲဒီ အုပ်စု ၂ ခုရဲ့ ကွာခြားချက်ကို နှိုင်းယှဉ်ချင်ရင် t Test ကို သုံးလို့ရပါတယ်။ အရေးကြီးတာကတော့ အုပ်စုက ၂ ခုပဲရှိရမယ်။ ပြီးတော့ ကိုယ်နှိုင်းယှဉ်ချင်တဲ့ ကွာခြားချက်က ရေတွက်လို့ရတဲ့ ကိန်းဂဏန်းတစ်ခု ဖြစ်ရမယ်။ အဲဒါအပြင့် အဲဒီကွာခြားချက်က ဒီအုပ်စုမှာ ပါဝင်တဲ့သူတွေ အားလုံးဆီကနေ တိုင်းတာထားတဲ့ တန်ဖိုးတစ်ခုဖြစ်ရမယ်။ t Test ရဲ့သဘောတရားကတော့ ဒီအုပ်စု ၂ ခုရဲ့ ပျမ်းမျှချေတန်ဖိုးတွေက ဒီအုပ်စုတွေရဲ့ အရွယ်အစားနဲ့ ယှဉ်ရင် အရမ်းကွာခြားနေသလားကို စမ်းစစ်ခြင်းဖြစ်ပါတယ်။ t Test သုံးဖို့ အုပ်စု ၂ ခုစလုံးရဲ့ အရွယ်အစားတွေ တူနေစရာမလိုပါဘူး။


တန်းခွဲ (က) နဲ့ တန်းခွဲ (ခ) ၂ တန်းမှာ ဘယ်အတန်းက ကျောင်းသားတွေ စာပိုတော်သလဲဆိုတာ သိချင်တယ် ဆိုပါတော့။ အဲဒါကို သိနိုင်တဲ့ နည်းတွေ အများကြီးတော့ ရှိတာပေါ့။ ဥပမာ - ဒီတန်းခွဲ ၂ ခုဆီကနေ ထူးချွန်ဆုတွေ ဘယ်နှစ်ခုရလဲဆိုတာ တိုင်းတာနိုင်တယ်။ ဒါပေမယ့် ထူးချွန်ဆုများတိုင်းလည်း အဲဒီအတန်းက တစ်တန်းလုံးအနေနဲ့ စာပိုတော်နေတာမဟုတ်ဘူး။ ထူးချွန်ဆုများသလို ကျတဲ့သူတွေလည်း များနေနိုင်တာပဲ။


စောစောက မေးခွန်းကို t Test သုံးပြီး ဖြေချင်တယ်ဆိုလို့ရှိရင်တော့ တန်းခွဲ (က) နဲ့ တန်းခွဲ (ခ) မှာရှိတဲ့ ကျောင်းသားတွေရဲ့ အမှတ်တွေကို သုံးပြီး တန်းခွဲတစ်ခုချင်းဆီရဲ့ ပျမ်းမျှရမှတ်တွေကို နှိုင်းယှဉ်နိုင်ပါတယ်။ အဲလိုယှဉ်ဖို့အတွက် တန်းခွဲ (က) နဲ့ တန်းခွဲ (ခ) က ကျောင်းသားအရေအတွက် တူစရာမလိုပါဘူး။ တူရင်တော့ ကောင်းတာပေါ့။

t Test ကနေ t Test value တစ်ခုရယ် ထုံးစံအတိုင်း p value တစ်ခု ထွက်လာပါလိမ့်မယ်။ အဲဒါတွေကို ကြည့်ပြီး ကိုယ်နှိုင်းယှဉ်နေတဲ့ အုပ်စု ၂ ခု တူမတူကို စမ်းစစ်လို့ရပါတယ်။


Excel မှာတော့ t Test လုပ်ချင်ရင် Data Analysis Toolpak သုံးလို့ရပါတယ်။ Data Analysis Toolpak အကြောင်းကို အရင်က ပြောပြီးပါပြီ။ Data Analysis Toolpak ကနေ ကိုယ်စစ်ချင်တဲ့ t Test အမျိုးအစားကို ရွေးလို့လဲ ရပါတယ်။

No comments:

Post a Comment