Wednesday, January 22, 2014

Missing yet not missing

Missing Data ဆိုတာ Statistics မှာ အလွန်အရေးကြီးပါတယ်။ အချို့ဒေတာတွေက မရှိတာတွေ၊ မရနိုင်တာတွေကြောင့် ကိုယ်ကောက်ချက်ချလိုက်တဲ့ အဖြေတွေက လွဲချော်သွားနိုင်ပါတယ်။ ဒီတော့ Missing Data တွေ မရှိအောင် ဘယ်လိုလုပ်မလဲ၊ ရှိရင်လည်း ဘယ်လိုပြန်ဖြည့်တွက်ရမလဲ ဆိုတာတွေက Statistics မှာ အရေးကြီးတဲ့ Topic တွေ ဖြစ်ပါတယ်။ ဒါပေမယ့် Missing Data ဆိုတာက တစ်ခါတစ်လေကျတော့ ဒေတာက တစ်ကယ်ကို ပျောက်နေတာ ဖြစ်ပြီး တစ်ခါတစ်လေကျတော့ တမင် ဖျောက်ထားတာ ဖြစ်နေနိုင်ပါတယ်။ ဒီတော့ ကြည့်တဲ့သူတွေက ဒေတာ ပျောက်နေတာလား ၊ဖျောက်ထားတာလားဆိုတာ ခွဲခြားသိဖို့လိုပါတယ်။

တကယ်ပျောက်နေတဲ့ Missing Data ကို ကျွန်မတို့ Missing-at-Random Data လို့ခေါ်ပါတယ်။ သူကတော့ တစ်ကယ်ကို ရိုးရိုးသားသားပျောက်နေတဲ့ ဒေတာမျိုးပေါ့။ ဥပမာ - စာမေးပွဲမေးခွန်းမှာ မေ့ပြီး အဖြေ မဖြေလာတာမျိုးပေါ့။ ဒီလိုမျိုး Missing Data ဆိုရင် ပြန်ဖြည့်ပြီး တွက်လို့ရပါတယ်။ အဲ..... တမင်ဖျောက်ထားတဲ့ Missing Data ဆိုရင်တော့ ကိုယ်က ပြန်ဖြည့်ပြီးတွက်လိုက်မှ ကိုယ့်ရဲ့ ကောက်ချက်တွေက တပ်တပ်စင်အောင်လွဲသွားနိုင်ပါတယ်။ ဒီလို Missing Data မျိုးကို Missing-not-at-Random Data လို့ခေါ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး Facebook မှာ သူငယ်ချင်းတွေကို Unfriend လုပ်တတ်တာကို NPR က လေ့လာထားတဲ့ အကြောင်းကို Simply Statistics Blog က Statistics ရှုထောင့်ကနေ ဥပမာလေးပေးထားပါတယ်။ 

Facebook မှာက လူတွေတော်တော်များများက ကိုယ့်သူငယ်ချင်းတွေတင်တဲ့ ပို့စ်တွေကြည့်ရင်း စိတ်ဓါတ်ကျတတ်ကြပါတယ်။ ကိုယ့်သူငယ်ချင်းရဲ့ ပို့စ်တွေမှာက အရမ်းကို ပျော်စရာကောင်းနေတာတွေ၊ စိတ်လှုပ်ရှားစရာကောင်းနေတာတွေများနေတော့ ကိုယ့်ရဲ့ ဘဝကြီးကပဲ ဟာတာတာကြီးလိုဖြစ်နေပြီး ကိုယ့်သူငယ်ချင်းနဲ့ ယှဉ်ရင် ကိုယ်က ဘဝမှာ လူညံ့ကြီးဖြစ်နေတယ်လို့ တွေးပြီး စိတ်ဓါတ်ကျလာတတ်ပါတယ်။

ဒါပေမယ့် တစ်ကယ်ဖြစ်နေတာ ကိုယ်ပါ အပါအဝင် Facebook မှာ ကြွားစရာရှိတာတွေ အဓိကထားပြီး တင်လေ့ရှိကြပါတယ်။ ကိုယ်က ရှုံးနိမ့်နေတာတွေဆိုရင် ဘယ်တင်မလဲ။ ဒီတော့ ကိုယ့်ရဲ့ သူငယ်ချင်းပို့စ်တွေကို ကြည့်လိုက်မယ်ဆိုရင် အကောင်းကြီးဖြစ်နေတော့ သူတို့ရဲ့ အဆိုးတွေ မှန်သမျှက Missing Data ဖြစ်သွားတာပေါ့။ ဒါပေမယ့် အဲဒီ Missing Data က တမင်ဖျောက်ထားတဲ့ Missing-not-at-Random Data လေ။ သူတို့ရဲ့ ပို့စ်တွေကြည့်ပြီး ကိုယ်က ဓါတ်ပျက်နေရင် အလကားပဲ။ ကိုယ်သိထားဖို့က ကိုယ့်ရဲ့ပို့စ်တွေကို ကြည့်ပြီး ကိုယ့်ရဲ့ သူငယ်ချင်းကလည်း စိတ်ဓါတ်ကျနေကောင်း ကျနေပါလိမ့်မယ်။


မူရင်းစာမူများကို ဖတ်ချင်ရင်တော့ အောက်မှာ သွားဖတ်လို့ ရပါတယ်။

http://www.npr.org/2014/01/09/261108836/many-younger-facebook-users-unfriend-the-network
http://simplystatistics.org/2014/01/17/missing-not-at-random-data-makes-some-facebook-users-feel-sad/



No comments:

Post a Comment