Saturday, October 19, 2013

A little intro to p value


P Value ဆိုတာ သုတေသနလုပ်နေတဲ့လူတွေ ကြားနေကျ စကားလုံးလေးပါ။ ပြီးတော့ အမှတ်အမှားဆုံးဖြစ်တဲ့ စကားလုံးဆိုလဲ မမှားပါဘူး။ သုတေသနလုပ်ပြီဆိုကတည်းက ကျွန်မတို့ စမ်းသပ်ချင်တဲ့ အဆိုပြုချက်လေး ဒါမှမဟုတ် အခြေအနေလေး တစ်ခုရှိနေပြီးသားပါ။ အဓိကကတော့ ကိုယ်စဉ်းစားထားတဲ့ ဒီသီအိုရီလေး မှန်မမှန်၊ ဖြစ်မဖြစ် ဆိုတာကို သိချင်တာပေါ့။

ဒီမှာတင် ပြဿနာ တက်တော့တာပဲ။ ခက်တာက Statistics မှာ ဒီအဆိုပြုချက် မှန် မမှန်ကို လုံးဝ မပြောနိုင်ပါဘူး။ ဒီအဆိုပြုချက် မှန်နိုင်ချေ ဖြစ်နိုင်ချေ ဘယ်လောက်ရှိလဲဆိုတာပဲ ပြောနိုင်ပါတယ်။ ဒီတော့ ဖြစ်နိုင်ချေများပေမယ့်လည်း တကယ်ဖြစ်မလာတာတွေလဲ တစ်ပုံကြီးပါ။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်သူက နိုင်နိုင်ချေ ဘယ်လောက်ရှိလဲဆိုတာမျိုးပေါ့။ 

Statistics အရ အဆိုပြုချက် ၂ မျိုးရှိပါတယ်။ ပထမကတော့ Null Hypothesis လို့ခေါ်တဲ့ အခြေခံအဆိုပြုချက်ပေါ့။ သူက ကိုယ်ပြောတဲ့ အချက်တွေက တစ်ခုခုနဲ့ တူနေတယ် လို့ တင်သွင်းတဲ့ အဆိုပြုချက်ဖြစ်ပါတယ်။ ဥပမာ - ကိုယ်က TTC နဲ့ ဒဂုံ ၁ က ကျောင်းသားတွေ ဘယ်သူ စာပိုတော်လဲဆိုတာ သိချင်တဲ့သူဆိုပါတော့။ ဒါဆိုရင် ကိုယ့်ရဲ့ အခြေခံအဆိုပြုချက်က TTC နဲ့ ဒဂုံ ၁ က ကျောင်းသားတွေ စာတော်တာ အတူတူပဲဆိုတဲ့ အဆိုပြုချက် ဖြစ်ပါတယ်။

နောက်တစ်မျိုးက အခြေခံ အဆိုပြုချက် မဟုတ်တော့ သူ့ကို အခြားအဆိုပြုချက် (Alternative Hypothesis) လို့ ခေါ်ပါတယ်။ (Statistics တီထွင်တဲ့သူတွေက ဒီမှာ သုံးတဲ့ စကားလုံးတွေကို နာမည်ပေးတာ အဲဒီလိုကို အရမ်းကို တော်တာ။) ဒီတော့ ကျွန်မရဲ့ ဥပမာမှာဆိုရင် အခြားအဆိုပြုချက်က TTC နဲ့ ဒဂုံ ၁ က ကျောင်းသားတွေ စာတော်တာ မတူဘူး။ TTC ပိုတော်ရင် တော်မယ်။ ဒဂုံ ၁ ပိုတော်ရင်တော်မယ် စသည်ဖြင့်ပေါ့။

ကျွန်မ စောစောက ပြောခဲ့တယ်။ Statistics မှာ အဆိုပြုချက်တစ်ခု မှန်နိုင်ချေ ဘယ်လောက် ရှိတယ် ဆိုတာပဲ ပြောလို့ရတယ်ဆိုတာလေ။ P value ဆိုတာ ကိုယ့်ရဲ့ ရှိတဲ့ ဒေတာ ဂဏန်းတွေကနေ အခြေခံ အဆိုပြုချက် (Null Hypothesis) မှန်နိုင်ချေ ဘယ်လောက်ရှိတယ် ဆိုတာ ပြောပြတဲ့ Probability လေးပဲ ဖြစ်ပါတယ်။ P value တန်ဖိုး နည်းလေလေ ၊ အခြေခံ အဆိုပြုချက် (Null Hypothesis) မှန်နိုင်ချေ နည်းလေလေ ၊ အခြားအဆိုပြုချက် (Alternative Hypothesis) မှန်နိုင်ချေ ရှိလေလေ ပေါ့။  အဲဒါကိုပဲ Significant ဖြစ်တယ်၊ Significant Difference ရှိတယ်လို့ ကျွန်မတို့က သုံးတတ်ကြပါတယ်။

ကျွန်မတို့ Statistician တွေက ကပ်စေးနဲတယ်။ တော်ရုံတန်ရုံ P value နည်းတာလောက်နဲ့တော့ အခြား အဆိုပြုချက် (Alternative Hypothesis) မှန်နိုင်ချေများတယ်လို့ သိပ်မတွက်ဘူး။ P value က 0.05 လောက်မှ နည်းနည်း လူရာစသွင်းတာ။ ဒီထက်ပိုနည်းလေ ပိုကြိုက်လေပဲ။ 

No comments:

Post a Comment