Sunday, October 20, 2013

Misunderstandings about p value


P value နဲ့ ပတ်သက်ပြီး မှားတတ်ကြတဲ့ အမှားက လူတော်တော်များများက P value အရမ်းနည်းနေရင် "ဟာ ဒါ အရမ်းကို significant ဖြစ်နေတယ်။ ဒါဟာ ကွာခြားချက်အများကြီးရှိနေတာပဲ" ဆိုပြီး ကောက်ချက်ချတတ်ကြပါတယ်။ 

ကျွန်မရဲ့  အရင် P value ပို့စ် က TTC နဲ့ ဒဂုံ ၁ ကျောင်းသားတွေ ဥပမာမှာ ဆိုရင်လည်း "P value အရမ်းနည်းနေရင် သေချာတယ်။ TTC ကျောင်းသားတွေက ဒဂုံ ၁ ကျောင်းသားတွေထက် အပြတ်အသတ်ပိုတော်နေတာပဲ" ဆိုပြီး ဆုံးဖြတ်ချက်ချတတ်ကြပါတယ်။ အဲဒါဟာ တော်တော့်ကို ကြီးကြီးကျယ်ကျယ်မှားသွားတဲ့ အမှားပါ။ တကယ်တမ်းကျတော့ P value အရမ်းနည်းနေရင် TTC ကျောင်းသားတွေက ဒဂုံ ၁ ကျောင်းသားတွေထက် ပိုတော်နိုင်ချေ အများကြီးရှိတယ်လို့ပဲ ကောက်ချက်ချလို့ရပါမယ်။ ဘယ်လောက်ပိုတော်လဲဆိုတာ မပြောပါဘူး။ တကယ်တမ်းကျတော့ အများကြီးလည်း ပိုတော်နိုင်တယ်၊ နှာတစ်ဖျားလောက်ပဲ ပိုတော်တာလဲ ဖြစ်နိုင်တယ်၊ ပြောင်းပြန်လဲ ဖြစ်သွားနိုင်တယ်။

 နောက်ထပ် မဟာအမှားကတော့ P value နည်းနေရင် Alternative Hypothesis မှန်ကို မှန်သွားပြီ၊ ဆိုပြီး ပြောကြတာပါ။ သူက Null Hypothesis မှားနိုင်ချေများတယ်လို့ပဲ ဆိုလိုတာပါ။ Null Hypothesis လုံးဝမှားပြီး Alternative Hypothesis လုံးဝမှန်တယ်လို့ မပြောပါဘူး။

အဲ... နောက်ထပ် အမှားက 0.05 Significance Value ။ စာတမ်းတွေမှာ 0.05 ကို cutoff ဆိုပြီး မသတ်မှတ်လို့ ဆိုပြီး ရန်ထဖြစ်ကြတဲ့ သုတေသီတွေ တစ်ပုံကြီးပါ။ ဒီ 0.05 က ကိုယ့်ဘာသာကိုယ် ဘာသာရပ်အလိုက် သတ်မှတ်ထားတာပါ။ နည်းလေကောင်းလေဆိုပေမယ့် ဒါက တရားသေမဟုတ်ပါဘူး။ များသောအားဖြင့် 0.05 ယူပေမယ့် အချို့ဘာသာရပ်တွေမှာ 0.1 တို့ 0.2 တို့ယူတတ်ကြပါတယ်။ Genetics မှာ ဆိုရင် 0.001 လောက်အထိ နည်းပြီး ယူတတ်ကြပါတယ်။ ဒီတော့ 0.05 မဟုတ်လို့ မှားတယ်လို့ သွားမထင်လိုက်ပါနဲ့။ ဘုရားဟောထားတာလဲ မဟုတ်ဘူး။ ကိုယ့်ဘာသာရပ် ကိုယ့်အကြောင်း၊ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်ပဲ ဖြစ်ပါတယ်။

နောက်ပြီး P value နည်းတိုင်းလည်း သိပ်ပြီး မပျော်ကြပါနဲ့။ ကိုယ်က အင်ထုထားလို့  သေးသွားတာ  ဖြစ်နိုင်ပါတယ်။ P value သေးအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ တစ်ပုံကြီးပဲရှိတယ်။ 

P value နဲ့ ပတ်သတ်ပြီး မှားတတ်တဲ့ အမှားအကြောင်းတွေက ပြောရင် ပြောမကုန်ပါ။ ဒီနေ့တော့ ဒီမျှသာ။








No comments:

Post a Comment