Sunday, October 20, 2013

Simpson's Paradox

Simpsons paradox


၁၉၇၃ ခုနှစ်တုန်းက ကာလီဖိုးနီးယားပြည်နယ် ဘာကလီ တက္ကသိုလ် (University of California - Berkeley) က အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံလို့ဆိုပြီး တရားအစွဲခံခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ ဘွဲ့လွန်ကျောင်းက အမျိုးသားကျောင်းလျှောက်တဲ့သူတွေရဲ့ ၄၄ % ကို ကျောင်းဝင်ခွင့်ပေးပြီး အမျိုးသမီးတွေ အတွက်တော့ ကျောင်းလျှောက်တဲ့သူတွေရဲ့ ၃၅ % ကို သာ ကျောင်းဝင်ခွင့် ပေးခဲ့လိုက်လို့ပါတဲ့။

အဲဒီဖြစ်စဉ်ကို သေသေချာချာလေ့လာလိုက်တော့ ထူးခြားထားတစ်ခု သွားတွေ့ပါတယ်။ ဘာလဲဆိုတော့ ဘွဲ့လွန်ကျောင်းက ဌာနအားလုံးကို ခြုံကြည့်လိုက်လို့ရှိရင် အမျိုးသမီးကျောင်းဝင်ခွင့်နှုန်းက နည်းပေမယ့် ဘွဲ့လွန်ကျောင်းရဲ့ ဌာနတစ်ခုချင်းစီအတွက်ကျတော့ အမျိုးသမီး ကျောင်းဝင်ခွင့်နှုန်းတွေက မြင့်နေပါတယ်။

ဒီဖြစ်စဉ်ကို Simpson's Paradox လို့ခေါ်ပါတယ်။ လူဦးရေအားလုံးအတွက် ခြုံငုံပြီး ဖြစ်နေတဲ့ အခြေအနေတစ်ခုဟာ လူဦးရေအုပ်စု တစ်ခုချင်းစီမှာ ကြည့်လိုက်လို့ရှိရင်တော့ အခြေအနေက ပြောင်းပြန်ဖြစ်သွားတဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။

ဒီတက္ကသိုလ်မှာ ဖြစ်သွားတာကတော့ ဌာနတစ်ခုချင်းစီက တစ်ခုနဲ့တစ်ခု လျှောက်လို့လွယ်ကူတာချင်း မတူပါဘူး။ ခက်တဲ့ ဌာနရှိသလို လွယ်တဲ့ ဌာနရှိတာပေါ့။ ဒါပေမယ့် ဘယ်လိုပဲ ခက်ခက်လွယ်လွယ် ဌာနတစ်ခုချင်းစီမှာတော့ အမျိုးသမီးတွေကို ကျောင်းဝင်ခွင့် ပေးတဲ့နှုန်းက ပိုများပါတယ်။ ဖြစ်ချင်တော့ အမျိုးသမီးတွေက လွယ်တဲ့နေရာမှာ မလျှောက်ဘဲ ခက်တဲ့ နေရာမှာချည်း သွားလျှောက်တော့ အားလုံးခြုံကြည့်လိုက်လို့ရှိရင် ကျောင်းဝင်ခွင့်ရတဲ့ အမျိုးသမီးတွေအရေအတွက်နဲ့ နှုန်း က အရမ်းနည်းသွားပါတယ်။ ကိုပုရိသတွေကတော့ လူလည်တွေလေ။ သူတို့က ခက်တဲ့ဌာနတွေကို ရှောင်ပြီး လွယ်တဲ့ဌာနတွေချည်း ဝင်ခွင့်လျှောက်သွားတော့ စုစုပေါင်းကျောင်းဝင်ခွင့်ရတဲ့ အမျိုးသားအရေအတွက်နဲ့ နှုန်းက များသွားတော့တာပေါ့။

ဒီဖြစ်စဉ် အကြောင်းကို ပိုသိချင်ရင်တော့ အပေါ်ကပုံလေးကနေတစ်ဆင့် သူ့ဝက်ဆိုဒ်ကို သွားကြည့်သင့်ပါတယ်။ သူ့ဆီမှာ နံပါတ်လေးတွေနဲ့ ကစားလို့ရတော့ ပိုနားလည်လွယ်ပါလိမ့်မယ်။


No comments:

Post a Comment