Tuesday, October 22, 2013

Excel Errors Pants on Fire



Excel မှာ နည်းနည်းလေး ကျွမ်းလာလို့ ဖော်မြူလာတွေ ဘာတွေ စပြီး စမ်းရေးကြည့်တာနဲ့ သူသူကိုယ်ကိုယ်
တွေ့ရလေ့ရှိတဲ့ စာသားအမျိုးအစားလေးတစ်ခု ရှိပါတယ်။ အဲဒီစာသားအမျိုးအစားက    #   နဲ့ စတယ်။ အဲဒီ   #   နဲ့စတဲ့ စာသားလေးတွေ တွေ့တာနဲ့
ကိုယ့် ဖော်မြူလာ ဘယ်မှာမှားသွားလဲ ဆိုပြီး နဖူးချွေး၊ ဇောချွေးတွေ ပြန်တော့တာပဲ။ အမှန်ကတော့ ဒီ   #   နဲ့စတဲ့ အမှားပြတဲ့ စာသားလေးတွေက ဘာကို မှားကြောင်းပြောနေလဲဆိုတာ နားလည်ရင် ဖော်မြူလာမှာ အမှားရှာပြီး ပြင်ရတာ သိပ်မခက်ပါဘူး။



#DIV/0!
ကြည့်ရင်တော့ ရယ်ချင်စရာပါ။ သုံးတန်းလောက်ကတည်းက ကိန်းဂဏန်းတစ်ခုကို သုညနဲ့ စားလို့မရဘူးဆိုတာ သင်ခဲ့ပေမယ့်လည်း ဒီအမှားကတော့ ရှိဆဲပါ။

#N/A
ဒီအမှားကတော့ Excel မှာ ကိုယ်ရေးလိုက်တဲ့ ဖော်မြူလာရဲ့ အဖြေက လုံးဝမရှိနိုင်ရင် တွေ့ရတတ်တဲ့ စာသားလေးပါ။ ဒီတော့ ကိုယ်က အရင် ဖော်မြူလာကို လုံးဝမေ့လိုက်ပြီး နောက်ထပ် ဖော်မြူလာတစ်ခု ထပ်စဉ်းစားဖို့လိုပါတယ်။

#NAME?
ဒါကတော့ ကိုယ့် ဖော်မြူလာမှာ မှီငြမ်းထားတဲ့ Cell နာမည် ဒါမှမဟုတ် Range က အဓိပ္ပါယ်ဖွင့်ဆိုချက် မရှိရင် (undefined ဖြစ်နေရင်) တွေ့ရတတ်တဲ့ စာသားလေးပါ။ ကိုယ်က Cell ဒါမှမဟုတ် Range ကို အဓိပ္ပါယ်ဖွင့်ပေးဖို့ မေ့သွားတာတို့၊ ကိုယ့်ဖော်မြူလာမှာ အဓိပ္ပါယ်မှားဖွင့်မိတာတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ပြင်ဖို့ သိပ်မခက်ပါဘူး။

#NUM!
ကိုယ့်က ဖော်မြူလာထဲမှာ သုံးထားတဲ့ နံပါတ်က တစ်ခုခုမှားနေရင် တွေ့ရတတ်တဲ့ အမှားပါ။ ကိုယ်သုံးလိုက်တဲ့ဟာက နံပါတ် ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ မရှိနိုင်တဲ့ နံပါတ်တစ်ခုခု သွားထည့်မိတာလဲ ဖြစ်နေနိုင်တယ်။

#REF!
ဒါက ကိုယ်အရင်က မှီငြမ်းထားတဲ့ Cell က မရှိတော့ရင် တွေ့ရတတ်တဲ့ အမှားဖြစ်ပါတယ်။ အဲဒီ Cell ကို ပြန်သွားရှာလိုက်နိုင်ရင် ပြဿနာ မရှိတော့ပါဘူး။

#VALUE!
ဒါက ဖော်မြူလာမှန်သလိုလိုနဲ့ မှားသွားတာ ဖြစ်ပါတယ်။ အပေါင်း၊ အနှုတ်၊ အမြှောက်၊ အစား လက္ခဏာများသုံးရင် ဖြစ်လေ့ရှိတဲ့ အမှားပါ။ အားကြီးဆိုးပါတယ်။ တွေ့လိုက်တာနဲ့ ရင်ကို အောင့်အောင့်သွားတယ်။ ဥပမာ စာသားနဲ့ ကိန်းဂဏန်းကို သွားပေါင်းမိတာမျိုးပေါ့။ စာသားနဲ့ ကိန်းဂဏန်းတွေ ရောနေတဲ့ Cell တွေကို ပေါင်းချင်ရင် SUM Function သုံးလိုက်ရင် ပြဿနာမရှိပေမယ့် ရိုးရိုး အပေါင်းလက္ခဏာပဲ သွားသုံးမိရင်တော့ ပျားတုပ်ခံရပါလိမ့်မယ်။

ဒီ   #   အမှားတွေတွေ့တာက ကိုယ့်အတွက် ကောင်းပါတယ်။ ဒါမတွေ့ဘဲနဲ့ ဖြစ်နေနိုင်တဲ့ အမှားတွေ တစ်ပုံကြီးပါ။ ဒါလေးတွေရှိတော့ ကိုယ့်ဖော်မြူလာကို ကောင်းသထက်ကောင်းအောင် ပြင်လို့ရတာပေါ့။


No comments:

Post a Comment