Wednesday, October 23, 2013

Histograms vs Column Graphs



ကျောင်းမှာ ငယ်ငယ်တုန်းက Histogram ဆိုပြီး ဂရပ်ဆွဲနည်းလေးတွေ သင်ခဲ့ရတယ်။ အခုကြီးလာတော့ အလုပ်ခွင်မှာ Column/Bar Graphs လေးတွေ ဘာလေးတွေ ဆွဲပြီး သုံးတတ်လာပြီ။ အဲဒီနှစ်ခု ဘာကွာလဲလို့ မေးလို့ရှိရင်  တော်တော်များများကတော့ အဲဒီနှစ်ခု အတူတူ မဟုတ်ဘူးလားလို့ ပြန်ပြောလာပါလိမ့်မယ်။ တော်ရုံ Statistics ဒါမှမဟုတ် သင်္ချာ ဒါမှမဟုတ် အင်ဂျင်နီယာ ကျောင်းဆင်းတွေတောင် သိလေ့မရှိကြပါဘူး။

Histogram ကတော့ ဒေတာတွေရဲ့ ဖြန့်ကျက်မှု (Distribution) ကို ပြတဲ့ ဂရပ်ဖြစ်ပါတယ်။ Column Graph ကတော့ အုပ်စုတစ်စုစီမှာ ကိုယ်တိုင်းတာချင်တဲ့ ကိန်းဂဏန်းက ဘယ်လောက်နည်းတယ်၊ များတယ် ဆိုတာ ပြတဲ့ ဂရပ်ဖြစ်ပါတယ်။ သူတို့နှစ်ခုရဲ့ အဓိက ကွာခြားချက်က ဂရပ်အောက်နဲ့ ဘေးက မျဉ်းလေးတွေ ဖြစ်ပါတယ်။ X ဝင်ရိုးနဲ့ Y ဝင်ရိုးတွေပေါ့။

 Histogram မှာ သူ့ရဲ့အောက်က X ဝင်ရိုးမျဉ်းက ကိန်းမျဉ်းဖြစ်ပါတယ်။ ကိန်းမျဉ်းဖြစ်တဲ့အတွက် အမြဲတမ်း နံပါတ်တွေနဲ့ပဲ ဖြစ်နေမယ်။ နောက်ပြီး ကိန်းမျဉ်းဆိုတာ တစ်ဆက်တည်းရှိတဲ့အတွက် ဂရပ်က အတုံးလေးတွေကလည်း တစ်ခုနဲ့တစ်ခု ကပ်ပြီးရှိနေမယ်။ အဲဒီအတွက် ဒေတာက ဘယ်လိုဖြန့်ကျက်နေလဲ၊ ခေါင်းလောင်းပုံလေး (Normal Distribution) လား၊ တစ်သတ်မတ်တည်း (Uniform Distribution) လား၊ စတာတွေကို သိနိုင်ပါတယ်။ ပြီးတော့ Histogram ရဲ့ Y ဝင်ရိုးဟာ အမြဲတမ်း အရေအတွက် နံပါတ်တစ်ခုဖြစ်ပါတယ်။

Column Graph မှာကတော့ သူ့ရဲ့အောက် X ဝင်ရိုးမျဉ်းက အုပ်စုတစ်စုစီကို ကိုယ်စားပြုတာဖြစ်ပါတယ်။ အဲဒီအုပ်စုက နံပါတ် ဖြစ်ကောင်းဖြစ်မယ်။ ဒါမှမဟုတ် လူတစ်ယောက်ချင်းစီ၊ ကျားမ စတဲ့ စာသားတွေလဲ ဖြစ်နိုင်တယ်။  နံပါတ်ပဲဖြစ်ဖြစ်၊ စာပဲဖြစ်ဖြစ် သူ့ရဲ့မျဉ်းက ကိန်းမျဉ်းမဟုတ်ပါဘူး။ အဲဒါကတော့ Histogram နဲ့ အဓိက ကွာခြားချက်ပဲ ဖြစ်ပါတယ်။ ပြီးတော့ Column Graph ရဲ့ Y ဝင်ရိုးဟာ အမြဲတမ်း ညွှန်းကိန်းနံပါတ်လေးတစ်ခု ဖြစ်နေလိမ့်မယ်။ ဥပမာ - အရပ်အမြင့်၊ ကိုယ်အလေးချိန်၊ ခရီးအကွာအဝေး၊ အသက်၊ တစ်နေ့စားတဲ့ ကယ်လိုရီ စသည်ဖြင့် အများစုမှာ ယူနစ်တွေ ရှိနေလိမ့်မယ်။ Column Graph က ဖြန့်ကျက်မှုကို ပြောတဲ့ ဂရပ်မဟုတ်ပါဘူး။

အပေါ်က ပုံမှာ  Histogram နဲ့ Column Graph ကွာခြားချက်ကို ကျောင်းသား ၉ ယောက်ရဲ့ အရပ်တိုင်းထားတာနဲ့ ဥပမာပေးထားပါတယ်။ ညာဘက်က Column Graph ဟာ ကျောင်းသားတစ်ဦးချင်းစီရဲ့ အရပ်အမြင့်ကို ပြတဲ့ ဂရပ်ဖြစ်ပြီး ဘယ်ဘက်က Histogram မှာတော့ အရပ်အမြင့်တစ်ခုချင်းစီမှာ ကျောင်းသားဘယ်နှစ်ဦးရှိလဲဆိုတာကို ပြတဲ့ဂရပ်ဖြစ်ပါတယ်။ ဂရပ်နှစ်ခုစလုံးက ဒေတာတစ်ခုထဲက ယူထားတာ ဖြစ်ပေမယ့် အဓိပ္ပါယ်ကတော့ မတူပါဘူး။

ကပ်သီးကပ်သပ် ပြောရမယ်ဆိုရင်တော့ Histogram က Column Graph တစ်မျိုးလို့လဲ ပြောလို့ရပါတယ်။ ဒါကတော့ စာဖတ်သူ သဘောပါ။


No comments:

Post a Comment